ပြည်ထောင်စု ညီညွတ်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
 
ဖက်ဆစ်တော်လှန်ရေးအပြီး ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးကိုပေးရတော့မည့် အချိန်သို့ရောက်လာသည်။ ထိုအခါ မြန်မာနိုင်ငံ လွတ်လပ်ရေးဆိုင်ရာ သဘောတူညီမှုများ ညှိနှိုင်းရန် ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံသို့သွားကာ အပြီးသတ် ဆွေးနွေးကြ၏။
ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ စည်းဝေးကြ ပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန်အတွက် သက်ဆိုင်ရာအချက်အလက်တို့ ပါဝင် ရေးဆွဲထားသည့် အောင်ဆန်း - အက်တလီစာချုပ်ကို မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ အက်တလီတို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးတွင် တောင်တန်း ဒေသများကို တစ်ပြိုင်နက်တည်း အတူတကွ လွတ်လပ်ရေးပေးမည် မပေးမည်ကို ဆုံးဖြတ်နိုင်ရန်အတွက် စာချုပ်အပိုဒ် (၈)တွင် နယ်ခြား ဒေသများဟူသည့် ခေါင်းစဉ်ဖြင့် အချက်တစ်ချက် ထည့်သွင်းထားသည်။ ထိုစာပိုဒ်တွင် နယ်ခြားဒေသပြည်သူလူထု၏ သဘောတူညီမှုဖြင့်သာ ပြည်နယ် ပြည်မ အတူတကွလွတ်လပ်ရေးပေးမည်ဟူသည့် သဘောကို အခြေခံ၍ ပင်လုံညီလာခံ သို့မဟုတ် လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် အထူးညီလာခံကျင်းပကာ သဘောတူညီမှုယူကြရန်ဆိုသော မှတ်ချက် ပါသည်။
သို့နှင့် ပင်လုံညီလာခံကိုကျင်းပရန် တိုင်းရင်းသားခေါင်းဆောင်များ နှင့် ဦးအောင်ဆန်း အစရှိသည့် ခေါင်းဆောင်များ ကြိုးပမ်းခဲ့ကြသည်။ ပင်လုံစာချုပ်မချုပ်ဆိုမီ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဦးအောင်ဆန်းတို့ အသေးစိတ် ဆွေးနွေးကြကာ တောင်တန်းမြေပြန့် ပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွ အရယူမည်ဟူသည့် သဘောတူညီချက်ရရှိ၏။ ထိုသို့ အားလုံးသဘောတူကြသည့် အထိမ်းအမှတ်ဖြင့် ရှမ်းစော်ဘွားများက ညစာစားပွဲ တည်ခင်းကျင်းပ၏။
ထိုပွဲတွင် ရှမ်းစော်ဘွားများအသင်း ဥက္ကဋ္ဌ တောင်ပိုင်စော်ဘွား ကြီးက “ယခုလို ဗိုလ်ချုပ်အောင်ဆန်း လာရောက်ပြီး ညီညီညွတ်ညွတ် ဖြစ်အောင် ဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ကြောင်း၊ ရှေ့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအတိုင်း ညီညွတ်ကြမည်ဖြစ်ကြောင်း” ပြောပါသည်။ ဦးအောင်ဆန်းကလည်း “မြန်မာနိုင်ငံလွတ်လပ် စေချင်ကြောင်း၊ ညီညွတ်စေချင်ကြောင်း၊ ကြီးပွားစေချင်ကြောင်း၊ ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း၊ ကိုယ့်ဒေသအလိုက် ကိုယ့်လူမျိုး အလိုက် ကိုယ်ယုံကြည်သည်ကို ကိုးကွယ်ယုံကြည်နေထိုင်ကြပြီး၊ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သည့် ကိစ္စတို့တွင် အားလုံးညီညီ ညွတ်ညွတ် လုပ်ကြဖို့အကြောင်း” စသည့် တိုင်းရင်းသားချစ်ကြည်ရေး၊ ညီညွတ်ရေးတို့ကို ပြောပါသည်။
ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ စာချုပ်ကို တိုင်းရင်းသားခေါင်းဆောင်များတို့နှင့် ဦးအောင်ဆန်းတို့အတူ လက်မှတ်ထိုးချုပ်ဆိုလိုက်သည်။
ပင်လုံစာချုပ်ကို ဗြိတိသျှပါလီမန်အတွင်း၌ အတိုက်အခံပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီက ရှုတ်ချခဲ့သေးသည်။ သို့သော်လည်း စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူတို့၏ သဘောထားမှန်ကန်မှု၊ ဦးအောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတို့ကို အထင်အရှား ဖော်ပြနိုင်ခဲ့သည့်ပြင် ဦးအောင်ဆန်း၏ မှန်ကန်သော နိုင်ငံရေး ရပ်တည်ချက်၊ ဖြူစင်ပွင့်လင်းသော စိတ်နေသဘောထားတို့ကို ပင်လုံသို့ လာရောက်လေ့လာသည့် ဗြိတိသျှအစိုးရကိုယ်စားလှယ်က ပါလီမန်၏ မေးခွန်းများကို ဖြေကြားရင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ခိုင်မာသွားခဲ့လေသည်။
ပင်လုံစာချုပ်ကို အခြေခံ၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်ဟု ဆိုရပါမည်။
သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာ့လွတ်လပ်ရေးခရီးသည် လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ရခြင်းမဟုတ်။ မြန်မာ့လွတ်လပ်ရေးက နိုင်ငံသားအားလုံးတို့၏ စွန့်လွှတ်မှုများစွာနှင့်အတူ တိုင်းရင်းသားတို့ သွေးစည်းညီညွတ်ခြင်း၏ ရလဒ်ဖြစ်ခြင်းကို ထင်ထင်ရှားရှားတွေ့ရပါမည်။
လွတ်လပ်ရေး၏ အသီးအပွင့်တို့ကို နိုင်ငံသားအားလုံး အတူတကွ ခံစားနိုင်ကြရန်အလို့ငှာ ညီညွတ်မှုအင်အားကြောင့် ရရှိခဲ့သော အောင်မြင်မှုကို သင်ခန်းစာယူ၍ ပင်လုံမြေတွင် အခိုင်အမာစိုက်ထူခဲ့သည့် “တန်းတူညီမျှမှုကို အခြေခံသော ပြည်ထောင်စုစိတ်ဓာတ်” ကို ဆက်လက်သယ်ဆောင်ကြရန် လိုအပ်သည်ဟု ယုံကြည်ပါကြောင်း (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတင်ပြလိုက်ရပါ သတည်း။ ။