ဆိုက်ဘာလုံခြုံရေး - ကျွန်‌တော်တို့အားလုံး မျှဝေတာဝန်ယူခြင်း

ဆိုက်ဘာလုံခြုံရေး - ကျွန်‌တော်တို့အားလုံး မျှဝေတာဝန်ယူခြင်း
 
======================================
 
ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့နေမှုကြောင့် လူသားများသည် ယခင်ကာလများကဲ့သို့ အတူတကွ သွားလာနေထိုင်ပြောဆိုဆက်ဆံ ရန် မဖြစ်နိုင်သောကြောင့် နည်းပညာသည် ကမ္ဘာတစ်ဝန်းရှိ လူသားတိုင်းအတွက် အသက်ကယ်ဆေးဖြစ်လာပါသည်။ ရောဂါ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာ ပြောဆိုဆက်ဆံ ပြုမူနေထိုင်ချိန်တွင် ဆိုက်ဘာဒိုမိန်းအတွင်း ခြိမ်းခြောက်မှုအသစ် များကို ရင်ဆိုင်လာရသည်။
မေလ ၁၇ ရက်နေ့သည် ကမ္ဘာ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နေ့ (World Telecommunications and Information Society Day) ဖြစ်သည်။ ပြင်သစ်နိုင်ငံ၌ ၁၈၆၅ ခုနှစ် မေလ ၁၇ ရက် နေ့တွင် ကျင်းပခဲ့သော ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ တယ်လီဂရပ်ဖ်ညီလာခံ တွင် လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့သည့် International Telecommunication Union (ITU)ကို အစွဲပြု၍ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုနေ့မှစတင်၍ ဆက်သွယ်ရေး ကဏ္ဍသည် စိတ်ဝင်စားစရာကောင်းသော တီထွင်ဖန်တီးမှုတစ်ခုအဖြစ်မှ ကျွန်တော်တို့ အားလုံး၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါလာခဲ့သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ယခင်က ထက်များစွာ ပိုမို၍အရေးပါလာခဲ့ပြီဖြစ်သည်။
ကျွန်တော်တို့အားလုံး ဖုန်းခေါ်ဆိုမှုများ၊ ဒေတာအသုံးပြုမှုများနှင့် အွန်လိုင်းဗီဒီယို အစည်းအဝေးများကို ပိုမိုပြုလုပ်လာကြသည် နှင့်အညီ ဆက်သွယ်ရေးကွန်ရက်ကျပ်တည်းမှု များကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လာရပြီး ထိုကြုံတွေ့မှုများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ကျွန်တော်တို့ အွန်လိုင်းကို ပိုမိုအသုံးပြုလာ သည်နှင့်အမျှ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူ များသည်လည်း အွန်လိုင်းကို ယခင်ကထက် ပိုမိုအသုံးပြုလာကြသည်။ အီးမေးလ်မှတစ်ဆင့် လိမ်လည်ခြင်းများ၊ သတင်းအမှားများ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လူစိတ်ဝင်စားမှုများသော အချက်အလက်များ စသည်ဖြင့် တိုက်ခိုက်၊ လိမ်လည်မှုများသည် ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း သိသိသာသာ များပြားလာခဲ့သည်။ ခက်ခဲပြီး စိန်ခေါ်မှုများ ရင်ဆိုင်ရသည့် အချိန်ကာလများသည် ရာဇဝတ်မှုကျူးလွန်သူများအတွက် ရွှေရောင် အခွင့်အရေးသဖွယ် ဖြစ်တည်လာပါသည်။
အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံ တွင် ၂၀၀၀ ပြည့်နှစ်၌ စတင်မိတ်ဆက်ခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍသည် ၂၀၁၃ ခုနှစ်တွင် ပိုမိုလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖြေလျှော့ပေးခြင်းခံရသည်။ ယနေ့ခေတ် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူများသည် နိုင်ငံ့လူဦးရေထက် ပိုမိုများပြားလျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင်ပင် အသုံးပြုသူ ၁၀ သန်းခန့် တိုးတက်များပြား လာခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ အလျင်မြန်ဆုံးတိုးတက်နေသော အင်တာနက် အသုံးပြုမှုများပြားသော ဒေသတစ်ခုဖြစ်သည် နှင့်အညီ နိုင်ငံလူဦးရေ ၁၀ ဦးအနက် လေးဦး သည် အင်တာနက်ဒေတာကို အသုံးပြုနေကြပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဆိုက်ဘာရာဇဝတ်မှု နှစ်မှုသာ တိုင်ကြားမှုရှိခဲ့ရာမှ ငါးနှစ်အကြာတွင် တိုင်ကြားမှု ၇၄၄ မှုထိ ရှိလာခဲ့သည်။ Scanning နှင့် Malware တိုက်ခိုက်မှုများသည် မြန်မာ နိုင်ငံတွင် မကြာခဏတိုင်ကြားခြင်း ခံနေရ သော ဆိုက်ဘာရာဇဝတ်မှုများ ဖြစ်သည်။
ဆိုက်ဘာတိုက်ခိုက်ခံရမှုများကို လျှော့ချ ရန် နည်းပညာဖြင့် အများအပြားလုပ်ဆောင်နိုင်သော်လည်း ဆိုက်ဘာတိုက်ခိုက်မှုများ ခုခံကာကွယ်ရာတွင် အားအနည်းဆုံးအချက် သည် ကျွန်ုပ်တို့လူသားများ (အထူးသဖြင့် အင်တာနက်အသုံးပြုသူများ)ပင်ဖြစ်နေသည်။ ကျွန်ုပ်တို့လူသားများ၏ ပင်ကိုသဘောသဘာဝ အရ ဆန္ဒ၊ စူးစမ်းချင်စိတ်များကြောင့် တောင်းဆိုချက်လှည့်ကွက်များကို လက်ခံမိ ခြင်း သို့မဟုတ် ကလစ်နှိပ်လိုက်မိခြင်းတို့ဖြင့် လှည့်စားခြင်းခံရနိုင်သည်။ အောက်ဖော်ပြပါ အချက် ခုနစ်ချက်သည် သင်နှင့် သင်ချစ်သော သူများကို ဆိုက်ဘာတိုက်ခိုက်ခံရမှုမှ ရှောင်ရှား နိုင်အောင် ကူညီပေးနိုင်မည်ဖြစ်သည်-
(၁) အွန်လိုင်းမှ သတင်းအချက် အလက်များပေါ်တွင် သံသယ ထားရှိပါ။ အကယ်၍ သတင်း အချက်အလက်များမှာ တုန်လှုပ် ချောက်ချားစရာ သို့မဟုတ် လက်ခံနိုင်ဖွယ်ရာ မရှိပါက ထိုသတင်းအချက်အလက်များ သည် အတုအယောင်နှင့် သင်၏ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ရန် လုပ်ဆောင်ထားသော သတင်း များဖြစ်နိုင်သည်။ သတင်းရင်းမြစ် ကို သေချာစစ်ဆေးပါ။
(၂) သင်လက်ခံရရှိသော ကမ်းလှမ်းမှု သည် မယုံနိုင်စရာကောင်းလောက် အောင် ကောင်းလွန်းနေပါက ထိုကမ်းလှမ်းမှုသည် အတု အယောင် ဖြစ်နေနိုင်သည်။ ထိုကမ်းလှမ်းချက်ပို့ပေးသောသူကို သေချာစစ်ဆေးပါ။
(၃) အီးမေးလ်များတွင် ပါရှိသည့် လင့်ခ်များသို့ ကြည့်ရှုရန် ခလုတ် မနှိပ်မီ ဝက်ဘ်ဆိုက် (URL) နှင့် သင့်ထံ အီးမေးလ်ပို့သူ မှန်၊ မမှန် ကို သေချာစစ်ဆေးပါ။
(၄) သင်မသိသောသူမှ စာများပေးပို့ လာပြီး ၎င်းနှင့်တွဲလျက်ပါလာ သော ဖိုင်များကို ဖွင့်ကြည့်ရန် အတင်းတိုက်တွန်းနေပါက သတိ ထားပါ။
(၅) အသုံးပြုသူနာမည် (Username)၊ လျှို့ဝှက်စကား (Password) သို့မဟုတ် အကြွေးဝယ်ကတ် အချက်အလက်များ အသေးစိတ် တောင်းခံခြင်း သို့မဟုတ် ဖြည့်စွက်ရန် မေတ္တာရပ်ခံသည့် တောင်းဆိုမှုများကို အစဉ်အမြဲ သံသယထားရှိပါ။
(၆) မသင်္ကာစရာ အပြုအမူများကို သတိထားမိပါက ထိုအကြောင်းကို သင်၏ကွန်ရက်အား စီမံခန့်ခွဲ ပေးသူ သို့မဟုတ် အင်တာနက် ဝန်ဆောင်မှုပေးသူထံ အကြောင်း ကြားပါ။
(၇) အင်တာနက်ကွန်ရက်လုံခြုံရေး နှင့်ပတ်သက်ပြီး ပို့ချသည့်သင်တန်း များကို တက်ရောက်ပါ။ သတင်း အချက်အလက် အသစ်များကို အမြဲသိနေအောင် နားစွင့်ထားပါ။
ကျွန်ုပ်တို့ တဖြည်းဖြည်းနှင့် မသိမသာ မှီခိုအားထားလွန်းလာနေသော အင်တာနက် ဆက်သွယ်ရေး အခြေခံအဆောက်အအုံကြီး သည် မတည်ငြိမ်၊ မလုံခြုံ၊ စိတ်မချရ သို့မဟုတ် မယုံကြည်ရ ဖြစ်လာနိုင်မည်လား။ ထိုသို့ ဆိုပါက အခြေအနေများသည် လုံးဝကွဲပြား ခြားနားသွားမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ကမ္ဘာကြီးသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ cyberspace နှင့် cloud solutions တို့တွင် အလွန်အရေးပါသော ဝန်ဆောင်မှုများကို ပိုမိုပေးစွမ်းလာပြီး ထိုအချက်များကို အခွင့်ကောင်းယူလျက် ဆိုက်ဘာရာဇဝတ်မှုနှင့် အခြားသော တရားမဝင်အပြုအမူများကို လုပ်ဆောင်ရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့သည် လည်း အမြဲတမ်းရှိနေနိုင်မည်ဖြစ်သည်။
IBM X-force ၏ ၂၀၂၀ ပြည့်နှစ် စစ်တမ်းအရ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာ တိုက်ခိုက်ခံရမှု မှတ်တမ်းပေါင်းသည် ၂၀၁၉ ခုနှစ်အတွင်း ၈ ဒသမ ၅ သန်း ကျော်ရှိခဲ့ပြီး အဆိုပါပမာဏသည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော် မြင့်တက်လာ ခြင်းဖြစ်သည်။ Ramsomware ဖြင့် တိုက်ခိုက်ခံရမှုသည် နှစ်စဉ် စစ်ဆေးလေ့လာ ချက်များအရ ၂၀၁၉ ခုနှစ်၏ စတုတ္ထ‌ သုံးလတာကာလအတွင်း ၆၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ‌တွေ့ရှိခဲ့ရသည်။ ဤသို့ သောဖြစ်စဉ်များသည် အစိုးရမှသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်မှု နှင့် တယ်လီကွန်း စသည့် လုပ်ငန်းနယ်ပယ် ကဏ္ဍပေါင်းစုံတွင် ကြုံတွေ့နေရသည်။
 
ထို့ကြောင့် ဤကဲ့သို့ အရေးပါသည့် အခန်းကဏ္ဍမှ လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကျွန်ုပ်တို့၏ကွန်ရက်များကို တိုက်ခိုက် ခံရပါက ခြေရာခံနိုင်ရန်၊ ခုခံတုံ့ပြန်နိုင်ရန် စသည့် ကွန်ရက်လုံခြုံရေးပိုင်း ပိုမိုကောင်း မွန်လာစေရန်အတွက် တယ်လီနောအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်တစ်ခုကို အကောင် အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။ အဆင့်မြင့် အပိုထပ်ဆောင်း ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ဆန်းပြားရှုပ်ထွေးသော တိုက်ခိုက်မှုများ သို့မဟုတ် အဆင့်မြင့် Malware များ၏ ဘေးအန္တရာယ်မှ ကာကွယ် ပေးနိုင်ရန်အတွက် သုံးစွဲသူများ၏ လုံခြုံမှု ကို သေချာအောင် လုပ်ဆောင်လျက်ရှိသည်။
ကျွန်ုပ်တို့ကိုယ်တိုင် ဦးဆောင်နေကြ ရသော ဒစ်ဂျစ်တယ် လူ့အသိုက်အဝန်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေးများနှင့် ဒစ်ဂျစ်တယ် ဘဝများ လုံခြုံစိတ်ချရရေးကို သေချာစေ ဖို့ရန် ကျွန်ုပ်တို့အားလုံး၌ တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည်လည်း မိမိကျရာတာဝန်ကို ကျေပွန်အောင် အကောင်းဆုံးထမ်းဆောင် သွားမည်ဖြစ်ပါသည်။ ပျော်ရွှင်စရာ တယ်လီကွန်းနေ့ ဖြစ်ပါစေ။ ။
 
အာကာညွန့်ဝေ၊ Head of Business Security, Technology Group