စည်သူဒေါက်တာဗိုလ်ကလေးတင့်အောင်၏ အနုပညာသည်ဘဝ ဖြတ်သန်းမှုပုံရိပ်များ

ဆောင်းပါး
======
 
စည်သူဒေါက်တာဗိုလ်ကလေးတင့်အောင်၏ အနုပညာသည်ဘဝ ဖြတ်သန်းမှုပုံရိပ်များ
==========================================================
 
ရီရီမြင့်
======
 
လက်ရှိအသက် ၉၈ နှစ်အရွယ်တိုင် အနုပညာအလုပ်တစ်ခု တည်းကိုသာ တစိုက်မတ်မတ် ဖန်တီးလုပ်ဆောင်နေခဲ့သူ။ မြန်မာ့အနုပညာလောက၏ စံပြပုဂ္ဂိုလ်ကျော် မြန်မာ့ရုပ်ရှင် တစ်သက်တာဆုရှင်။ သူကား ဘဘစည်သူဒေါက်တာ ဗိုလ်ကလေးတင့်အောင်ဖြစ်သည်။
 
သူ၏ အနုပညာခရီးဖြတ်သန်းမှုက ရှည်လျားလှသည် နှင့်အမျှ အထင်ကရမှတ်တိုင်ကလည်း များပြားလှသည်။ မျိုးဆက်သစ်အနုပညာရှင်များအတွက် သူ၏အနုပညာ သည် ဘ၀ဖြတ်သန်းမှုပုံရိပ်များက အားကျအတုယူ မှတ်သားဖွယ်။
 
ဇာတိဘိုကလေးမြို့မှ ရန်ကုန်မြို့သို့ တက်လာခဲ့သည့် အတိတ်ပုံရိပ်နှင့်ပတ်သက်၍ ဘဘစည်သူဒေါက်တာ ဗိုလ်ကလေးတင့်အောင်က“မှတ်မိသလောက်ကတော့ ပထမ ဆုံး အနုပညာနယ်ပယ်ကို တိုးဝင်ချင်တဲ့စိတ် ရှိလွန်းအားကြီး လို့ တောမှာနေစဉ်ကတည်းက ဂီတပညာကိုလေ့လာ လိုက်စား ခဲ့ပါတယ်။ အဲဒီခေတ်က ဓာတ်ပြားခေတ်ကိုး။ ဓာတ်ပြား ခေတ်မှာ ဓာတ်ပြားထဲကသီချင်းတွေကို အလွတ် ကျက်၊ အဲဒါတွေကို ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆို၊ အရပ်ထဲမှာ ဘယ်သူကမှ မေတ္တာရပ်ခံတောင်းပန်တာမရှိဘဲ ကိုယ့်ဘာသာ အရူးထပြီးတော့ လုပ်ခဲ့တာ။ ဒါကိုတမက်တမော ဖြစ်ခဲ့တာ။ ဖြစ်ခဲ့တဲ့အတိုင်းပဲ စွန့်စားပြီး ရန်ကုန်တက်လာတယ်” ဟု ဆိုသည်။
 
ပထမဦးဆုံးရေးသားခဲ့သည့် တေးသီချင်းကလည်း အနုပညာသည် ပြည်သူ့အတွက် ဟုဆိုနိုင်သည် ။ “ပထမဆုံး ဘဘတာဝန်ကအသံလွှင့်တာ။ ရန်ကုန်မှာအသံလွှင့်တာ ဆိုတာ တစ်ခါမှမလုပ်ဖူးဘူး။ တေးဂီတနယ်ထဲလည်း တစ်ခါမှမရောက်ဖူးဘူး။ ဒါပေမယ့် ညီဖြစ်သူမောင်ကိုကိုက ရောက်နေပြီ။ သူ့ကျေးဇူးနဲ့ သူနဲ့တွဲပြီးတော့မှ အဲဒီအသံ လွှင့်ဖို့ အခွင့်သာလာတဲ့အတွက် ၁၉၄၇ ခုနှစ်အစပိုင်းလောက် မှာအထက်မြန်မာပြည်မှာ ရေတွေကြီးတယ်၊ ရေဘေး ပြဿနာကို ပြည်သူတွေ ခံစားနေရတာ သတင်းစာထဲဖတ်ရ တော့ စိတ်မကောင်းဘူး။ အဲဒါနဲ့ပဲရေဘေးပြဿနာသီချင်း ရေးလိုက်တယ်။
 
“ရေဟာလူရဲ့မိတ်ဆွေ၊ မီးဟာလည်းလူရဲ့မိတ်ဆွေ၊ သို့သော် သူတို့ရဲ့ ခွန်အားကြီးလာရင် လူတွေ မနိုင်နိုင်အောင် ဖြစ်ရတယ်။ ရေကိုသုံးတဲ့နေရာမှာ၊ မီးကိုသုံးတဲ့နေရာမှာ သတိဝီရိယနဲ့သုံးကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘဘကြိုးစား လာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီသီချင်းက ပထမဆုံးသီချင်းပဲ။ အဲဒီကနေ ရေးသားခွင့်တဖြည်းဖြည်းနဲ့ ရလာတဲ့နောက်မှာ ပြဇာတ်ခေတ်ကပေါ်လာတော့ ပြဇာတ်ဇာတ်လမ်းတွေမှာ သီချင်းရေးရတဲ့ သီချင်းရေးဆရာဖြစ်လာတယ်”ဟုပြော သည်။
သီချင်းရေးဆရာဘဝမှသည် ဆက်စပ်အနုပညာ နယ်ပယ်ဖြစ်သည့် ပြဇာတ်ရုပ်ရှင်နယ်သို့ ရောက်ရှိလာမှုနှင့် စပ်လျဉ်း၍ “သီချင်းရေးဆရာကနေပြီးတော့ တွဲဖက်ဒါရိုက် တာလုပ်ရ၊ တွဲဖက်ဒါရိုက်တာဘဝကနေ ဆရာတွေရဲ့ ခွင့်ပြု ချက်အရ ဒါရိုက်တာဖြစ်လာတာ။
 
အဲဒီနောက် ပြဇာတ်က၊ နောက်ပြဇာတ်ပျက်၊ ဘာမှမလုပ်နိုင်မစားနိုင်၊ အဲဒီနောက် ရုပ်ရှင်ထဲဝင်။ အဲဒီရုပ်ရှင်ထဲဝင်တာဟာ ဘဘရဲ့ စွန့်စားခန်းကြီးတစ်ခုပါပဲ။ ရုပ်ရှင်ကို ကြည့်သာကြည့်ဖူးတာ၊ ဘယ်လိုလုပ် ရမှန်းမသိဘူး။ ဆရာသမားတွေရဲ့ စာအုပ်တွေကိုဖတ်၊ ဇာတ် ညွှန်းရေးနည်းတွေရှာ၊ ကိုယ့်ဟာကိုယ် ကြိုးစားပြီး ဆရာ ဦးသုခ၊ ဆရာရွှေဒုံးဘီအောင်၊ ဆရာရွှေညာမောင်ဦးချင်းစိန်၊ ဆရာဦးတင်မောင်တို့ရဲ့ ကျေးဇူးပေါ့လေ။ သူတို့ကိုချဉ်းကပ် ပြီးတော့မှ အစစအရာရာဆရာတွေရဲ့ ညွှန်ကြားသင်ကြားမှု ကိုခံယူပြီးတော့ လူဖြစ်လာရတဲ့ဘဝပါ။ အဲဒါတွေက ဘဘရဲ့ တစ်သက်လုံးလုပ်လာရတဲ့အလုပ်တွေပဲ။ ဒီပြင်လည်းဘာမှ မလုပ်တတ်ဘူး။ လုပ်လည်းမလုပ်ချင်ဘူး။ ဒါတွေကိုပဲ ဝါသနာ ပါပြီးတော့ အခုနောက်ဆုံးအိပ်ရာထဲမလဲခင်လေးမှာ ကိုယ့်ဟာကိုယ်ကြိုးစားပြီး ဒီရုပ်ရှင် နှစ် ၁၀၀ ပြည့် ဂုဏ်ပြု သီချင်းလေးကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်”ဟုဆိုသည်။
 
မြန်မာ့ရုပ်ရှင်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း နှင့်လည်းဆက်နွှယ်လျက်ရှိပါသည်။ အဆိုပါသမိုင်းကြောင်းနှင့် ပတ်သက်၍လည်း “ဘဘတစ်သက်တာ အကယ်ဒမီဆု ရခဲ့ပါ တယ်။ ရုပ်ရှင်ဘဝထဲမှာပဲ ကျင်လည်နေရပြီးတော့ အမျိုးမျိုး သော အနုပညာဝါသနာပါတယ်ဆိုတာ သာမန်မှ မဟုတ်ဘဲ။ ဒါကိုမအိပ်နိုင်၊ မစားနိုင် တစ်ခုပြီး တစ်ခုထွင်။
 
“ပြောရရင်တော့ တေးဂီတနဲ့ သရုပ်ပြနဲ့ရောလိုက်တဲ့ ဘဝ။ အဲဒါဟာ ၁၉၆၀ ပတ်ဝန်းကျင်မှာ ထင်ပါတယ်။ အဲဒီ လောက်မှာ ဂီတသမားတွေစုပြီးတော့ ဂီတဆည်းဆာ၊ ဂီတ ပဒေသာဆိုပြီးတော့ ကန်တော်ကြီးမှာလုပ်ကြတယ်၊ လုပ်ကြ တော့ တာဝန်ပေးတာပေါ့လေ။ ကူညီပါဦး၊ ဝိုင်းဝန်းပါဦးပေါ့။ တို့မြန်မာလွတ်လပ်ရေးသမိုင်း ဒါဟာဘယ်တော့မှ မတိမ် ကောမယ့် မှတ်မှတ်ရရဖြစ်စေမယ့် အကြောင်းရပ်ကြီးပဲ။ ဒါကြောင့် လွတ်လပ်ရေးသမိုင်းစဉ်ကြီးကိုတော့ သီချင်းအဖြစ်နဲ့ ရေးပြီးတော့ ပြည်သူကိုတင်ဆက်မှကောင်းမယ်ဆိုပြီးတော့ အဲဒီသမိုင်းကိုရေးခဲ့တယ်။ ရေးခဲ့တာဘဘတစ်ယောက် တည်း မဟုတ်ပါဘူး။ ဘဘရယ်၊ ဂီတလုလင်မောင်ကိုကိုရယ်၊ ချိုတေး ဆက်အောင်ကိုး၊ မောင်လေးညွန့်တို့ အဲဒီလိုစုပြီး တော့ ရေးလိုက်တယ်။
 
“ပထမဆုံးကတော့ အဆိုသမားတွေ ခေတ်ကိုအဆိုနဲ့ ဖော်သွားတယ်။ ဂျီစီဘီအေခေတ်၊ ဝိုင်အမ်ဘီအေခေတ်၊ တို့ဗမာအစည်းအရုံးခေတ်၊ လွတ်လပ်ရေးရတဲ့ခေတ်၊ ဂျပန် သွားပြီးစစ်ပညာသင်တဲ့ခေတ်၊ ပြန်လာတဲ့ခေတ်၊ တို့တိုင်းပြည် ကို ဖဆပလအစိုးရအုပ်ချုပ်တဲ့ဘဝ၊ အဲဒီလို ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပါတယ်ဆိုတဲ့ သမိုင်းကြီးကို ပြည်သူကိုတင်ပြခဲ့တယ်။ ဒီသီချင်းကိုသီချင်းအဖြစ်နဲ့ဆိုပြီး ပရိသတ်နားထဲမှာ ကြားရရုံနဲ့မလုံလောက်သေးဘူး။ ဒါကိုမျက်စိကလည်း မြင်ရမယ်၊ နားကလည်း ကြားရမယ်၊ ဒါမှသာ ပြည့်စုံမယ်ဆိုပြီး သရုပ်ဖော်လိုက်တယ်။ ဘယ်သူ တွေပါဝင်ကြလဲ၊ ရဲဘော်သုံးကျိပ် နိုင်ငံခြားသွားတာ
လည်းပါတယ်။ ပြန်လာတာလည်း ပါတယ်။ တိုင်းပြည်ထူ ထောင်ခဲ့တာ၊ အုပ်ချုပ်ခဲ့တာ၊ လွတ်လပ်ရေးရတာ အကုန် လုံးပါတယ်။
 
အဲဒီလိုအရုပ်နဲ့ အသံနဲ့ တွဲအောင်လုပ်မိတဲ့ ဘဝကနေပြီးတော့ ဒီသမိုင်းကြောင်း တွေကို ဒီလိုလုပ်နိုင်ရင် လူတွေရဲ့ဘဝဖြစ်ပျက်နေတဲ့ မျိုးစုံကိုလည်းလုပ်နိုင်ပါလားဆိုပြီး တွေးမိသွားတယ်။ တွေးမိသွားတဲ့အတွက် ရှေးခေတ် က ဆရာပါရဂူတို့ရေးတဲ့ ဇာတ်လမ်းတွေဖတ်ရင်းက အဲဒီအထဲကကောင်းနိုးရာရာ လေးတွေကို သီချင်းအဖြစ် နဲ့ရော၊ သရုပ်ဖော်အဖြစ်နဲ့ရော တင်ဆက်နိုင်အောင် ဘဘ ကြံစည်ခဲ့တယ်။ အဲဒါဟာ တေးသရုပ်ဖော်လို့ ခေါ်လာခဲ့ တယ်”ဟုပြောသည်။
သူသည် ပင်ကို အနုပညာပါရမီရှင်တစ်ဦးဖြစ်သော်
လည်း ကြိုးစားမှုကို ဦးထိပ်ပန်ဆင်သူပီပီ မျိုးဆက်သစ် များကိုလည်း ကြိုးစားရန် ဤသို့ တိုက်တွန်းပြောကြားခဲ့၏။
 
 
“ လုပ်ငန်းတစ်ခုကိုလုပ်တဲ့နေရာမှာ ကျေနပ်အားရ တင်းတိမ်မှုမရှိဘဲနဲ့ ဆက်လက်ကြိုးစားခြင်းအားဖြင့် အကောင်း အမွန်တွေကိုတွေ့နိုင်တယ်ဆိုတဲ့ သင်ခန်းစာလည်းရခဲ့ တယ်။ ဒါကြောင့် လူတိုင်းလူတိုင်းကို ကြိုးစားကြပါလို့၊ အချိန် မဖြုန်းကြပါနဲ့၊ ကိုယ့်ရဲ့ ရရှိတဲ့အချိန်လေးအတွင်းမှာ၊ ခွန်အားလေးအတွင်းမှာ တတ်နိုင်သမျှ ကြိုးစားခြင်းအားဖြင့် ကောင်းသောအကျိုးကို ပြည်သူကပေးဆပ်နိုင်ပါလိမ့်မယ် လို့ မှာကြားချင်တာ။
 
“ အဓိကကတော့ ငွေကြေးနဲ့ ပညာ၊ ပညာကိုပြသနိုင်တဲ့ အတွက် ငွေကြေးရတာ။ ငွေကြေးရဖို့အတွက် လုပ်တာမှန်ပေ မယ့် ဒါဟာဝမ်းစာရေးအတွက်လောက်ပဲ ဖြစ်တယ်။ တို့ခေတ် က နိုင်ငံခြားလည်းမပေါက်တော့ ရရှိတဲ့ အခကြေး ငွေကနည်းပါတယ်။ တို့ မြန်မာအနုပညာသမားများဟာ ရရှိတာလေးနဲ့ တင်းတိမ်ပြီးတော့ ကြိုးစားကြရတဲ့ သူတွေ။ နိုင်ငံခြားကသူတွေက သူတို့နိုင်ငံခြားအမြင်နဲ့ ထုတ်လုပ်တဲ့ အနုပညာ ပစ္စည်းစုကိုကမ္ဘာကို ဖြန့်ဝေလိုက်တဲ့ အခါမှာ အဲဒီကမ္ဘာက ဝင်လာတဲ့ ဝင်ငွေတွေ သူတို့ခံစား ရတယ်။တို့မှာတော့ မရှိဘူး။ ဒီတော့ အဲဒီဘဝကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပေးကြပါ။ နိုင်ငံတော်ကလည်း ချီးမြှင့်မြှောက်စားပေးကြပါ၊ ကူညီဝိုင်းဝန်းကြပါ။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အဲဒီလို ဂရုစိုက်လာ အောင်၊ ပြည်သူတွေသိရှိလာအောင်၊ နိုင်ငံတော်အစိုးရက လည်း အမှတ်တမဲ့ဖြစ်နေတာလေးမဖြစ်အောင် တတ်နိုင် သမျှ ကြိုးစားပြီး အနုပညာသည်များကို အားပေးကြပါလို့ ပြောချင်ပါတယ်။
 
“ ခေတ်သစ်မှာပဲထွက်ထွက်၊ ခေတ်ဟောင်းမှာပဲထွက် ထွက် မကြိုးစားရင် မကျော်ကြားပါဘူး။ ကျော်ကြားတဲ့ သူတွေလည်း အများကြီး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အနုပညာသည်တိုင်းဟာ အချိန်မရွေးအခွင့်အရေးရှိတယ်၊
ကြိုးစားပိုင်ခွင့်ရှိတယ်။ ကြိုးစားသလောက်လည်း အကျိုး ခံစားခွင့်ရတဲ့ အခွင့်အရေးတွေရနိုင်တယ်။ ဒါကြောင့် ကြိုးစားကြပါ၊ မကြိုးစားမိတဲ့အခါ အခွင့်အရေးတွေ မရတော့ဘူး။ အခွင့်အရေးဆိုတာ သူ့ဟာသူလာလိမ့်မယ်။ ကိုယ်လုပ်ချင်တာ လုပ်သွားတယ်၊ ကိုယ့်အသိအမြင်လေး မှန်ကန်ရင် ကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်လေးပေါ်လာ တယ်။ စေတနာရှိတာပေါ့လေ၊ ဒါကြောင့် ဘဘတစ်နေ့ တစ်နေ့ကို စာတစ်ပုဒ် အမြဲရေးတယ်။ မှတ်စရာလေး တွေပေါ့”ဟု ဆိုသည်။
 
အနုပညာနယ်ပယ်တွင် ကျင်လည်နေကြသည့် အနု ပညာရှင်မှန်သမျှ နာမည်တစ်လုံးကိုဂုဏ်ယူကြသည်မှာ ဓမ္မတာတစ်ခုဟုဆိုရပါမည်။
သူသည် သူ၏နာမည်တစ်လုံးအပေါ် ဂုဏ်ယူလျက်ရှိ ကြောင်း အောက်ပါအတိုင်းပြောပြသည်။
 
“ဘဘငယ်ငယ်တုန်းက ဘိုကလေးဆိုတာကို ဘကုန်း နဲ့ ဘိုကြတယ်။ အဲဒီအထဲမှာ ထူးထူးခြားခြား ဗိုလ်ကလေး သက်ရှည်ဆိုတဲ့ ပညာရှိပုဂ္ဂိုလ်ကြီးက သူက ဗနဲ့ဗိုလ်တယ်။ ဟောပြောပွဲတွေမှာစကားပြောတဲ့အခါမှာ အဲဒီဗိုလ်နဲ့ ဘိုတဲ့နေရာမှာ အမြဲဖွင့်ပြောတယ်။ နိုင်ငံခြားက အုပ်စိုးလာ တဲ့သူတွေဟာ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တော့မယ် ဆိုရင် အဘက်ဘက်က ပြည့်စုံအောင် အကာအကွယ်တွေ၊ အတားအဆီးတွေ လုပ်ကြတယ်။ ဒီတော့ ဘိုကလေးမြို့ရဲ့ ဘိုကလေးဆိုတဲ့နာမည်ကိုလည်း သူတို့ ဘိုထီး၊ ဘိုမဆိုတဲ့ ဘိုအသုံးအနှုန်းသုံးနှုန်းစေပြီးတော့ မြန်မာစစ်ဗိုလ်လေး တွေရဲ့ ဂုဏ်သတ္တိအရ မှည့်ခေါ်ထားတာကို ပပျောက်သွားစေ ချင်တယ်။ အဲဒီသူ့ရဲ့အမည်ကို ဗနဲ့ ဗိုလ်တဲ့ ဗိုလ်ကလေး ဦးသက်ရှည် ဖြစ်ပါတယ်ဆိုတာအမြဲဟောတယ်။
 
ဒါကြောင့် ဘဘတို့ ကျေနပ်တယ်၊ ဝမ်းသာတယ်။ အရွယ်ရောက်တဲ့ အခါ ငါ့နာမည်လည်းရန်ကုန်ရောက်တဲ့အခါမှာ ဘဘဆရာ က ဒဂုန်ဆရာတင်ကိုး။ ရန်ကုန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒဂုန်ဆရာတင်လုပ်သလို ကျွန်တော်လည်း ကျွန်တော့်မြို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ကလေးတင့်အောင် လုပ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဒဂုန်ဆရာတင်က ရိုးရိုး ဘနဲ့ ဘိုဆိုပြီး ပေါင်းတယ်၊ ဘဘကမဟုတ်ဘူး။ ဗ နဲ့ဗိုလ်ပေးပါလို့၊ သူ့ကို ပြန်ပြောတယ်။ သူလည်း သဘောပေါက်သွားတယ်။ အဲဒါပဲ။ အခုအချိန်ထိ ဘဘရဲ့နာမည်က ဗိုလ်နဲ့ထင်ရှားခဲ့ပါတယ်” ဟု သူ၏နာမည်အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းပြ ခဲ့ပါသည်။ ။