ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ပိုင်မြေများတွင် တရားမဝင်ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

 

 

နေပြည်တော်  မေ  ၂၆

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ (ဖောင်ကြီး)ကျေးရွာအနီးတွင် ၁၉၆၅ ခုနှစ် ဇန်နဝါရီ (၁)ရက်မှစတင်၍  တည်ထောင်ဖွင့်လှစ်ခဲ့သည့် ဗဟို ဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)အနေဖြင့် တက္ကသိုလ်ပိုင်မြေနေရာများ ပိုင်ဆိုင် မှုအတွက် ခိုင်လုံသောအထောက်အထားများဖြင့် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

 

သို့ရာတွင် ၂ဝ၁၄ ခု ဇွန် (၁၇) ရက်မှစတင်၍ မြို့နယ်လယ်သမားသမဂ္ဂ အဖွဲ့ဥက္ကဋ္ဌ အမည်ခံ၍ ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်(ငြိမ်း)နှင့်  စံပြကျေးရွာမှ   ရာအိမ်မှူး ဦးညွန့်ဟန်တို့ ခေါင်းဆောင်ပြီး ဒေသခံရွာသူ၊ ရွာသားများကို သွေးထိုးလှုံ့ဆော်ကာ ဆိုင်းဘုတ်နှင့် အလံတိုင်များစိုက်ထူခြင်း၊ တက္ကသိုလ်ပိုင် မြေဧရိယာအနက် ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၉၃၄(ခ)ရှိ မြေဧက(၃ဝ)အတွင်း၌ နယ်နိမိတ် ကျောက်တိုင်များစိုက်ထူခြင်း၊ လူနေတဲများ ဆောက်လုပ် ခြင်းတို့ဖြင့် တရားမဝင် ကျူးကျော်နေထိုင်ရန်  အကြိမ်ကြိမ်ပြုလုပ်ခဲ့သော ကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)အနေဖြင့် တရားဥပဒေနှင့်အညီ  ကနဦး သတိပေးတားမြစ်ခြင်း၊  ဖောင်ကြီးနယ်မြေရဲစခန်း၌  ၂ဝ၁၄ ခု နိုဝင်ဘာ (၃)ရက်တွင် (ပ)၁၂၄/၂ဝ၁၄  ပြစ်မှုပုဒ်မ ၄၄၇ ဖြင့်  တိုင်ကြား အမှုဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

သို့သော်လည်း  ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်(ငြိမ်း)နှင့် အပေါင်းပါ များသည်  မတရားကျူးကျော်ဝင်ရောက်မှုကို ဆက်လက်လုပ်ဆောင်နေသည့် အတွက်  ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှ   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း၊ ဥပဒေပိုင်းဆိုင်ရာအဖွဲ့အစည်း အဆင့် ဆင့်တို့၏  သဘောထားမှတ်ချက်များ တောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့ ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  လှည်းကူးမြို့နယ်မှ အောက်မြန်မာပြည်၊ မြို့နှင့် ကျေးရွာများအက်ဥပဒေ၊ ပုဒ်မ ၂၁ အရ ၂၅-၅-၂ဝ၁၅ ရက်နေ့တွင်  ဆင့်စာထုတ်ပြန်ထားရှိပြီးဖြစ်ရာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဒုတိယဗိုလ်မှူးကြီး  ကျော်ညွန့်(ငြိမ်း)နှင့် ဦးညွန့်ဟန်တို့၏ ဦးဆောင်မှု၌   မသိနားမလည်သူ ဒေသခံရွာသူ ရွာသားများ ပါဝင်ကျူးလွန်ခြင်းမပြုမိစေရန် သတင်းထုတ်ပြန် အပ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့