အသွင်သဏ္ဌာန်နှင့် အနှစ်သာရ စွမ်းရည်မြင့်မားလာသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ့ခေါင်းဆောင်များသည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ မြန်မာနိုင်ငံသည် တစ်ဆင့်ချင်း ပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ မြို့ပြနှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက်အအုံများနှင့် စက်ရုံများ၏ မီးဘေးအန္တရာယ်ကာကွယ်ရေးသည် အထူးအရေးပါလာလျက် ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့တွင် နိုင်ငံနှင့် ပြည်သူတို့အတွက် ဦးစွာ ရှေ့တန်းမှကာကွယ်ပေးသူတို့မှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။ နိုင်ငံတိုင်းတွင် မီးသတ်တပ်ဖွဲ့ကိုယ်စီရှိကြသည်။ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် အသားအရောင်ကွဲပြားမှုများ ရှိကြသော်လည်း မီးသတ်တပ်ဖွဲ့ဟုဆိုလျှင် တူညီကြသောအချက်မှာ မိမိနိုင်ငံ၏ မီးဘေး၊ သဘာဝဘေးကို တားဆီးကာကွယ်ခြင်းနှင့် နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိနေကြခြင်းပင် ဖြစ်သည်။