Skip to main content

စာပေစွမ်းပကားဖြင့် တိုင်းကျိုးပြည်ဆောင်

 

ပုဂံခေတ် “မြစေတီကျောက်စာ” သည် မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံး မြန်မာစာဖြစ်သည်ဟူသော မှတ်တမ်းအရ မြန်မာစာပေ ထွန်းကားလာ သည်မှာ နှစ်ပေါင်း တစ်ထောင်ခန့်ရှိပြီဖြစ်သည်။ ယင်းမှစ၍ ရှေးအစဉ်အဆက် ထင်ရှားပြောင်မြောက်သည့် မြန်မာစာဆိုများနှင့်စာပေများ ပေါ်ထွန်းလာ သည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအား မိမိတို့၏ကိုယ်ပိုင်စာပေကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ရာ ရှုမြင်ခံစား ရမည်ဖြစ်ပါ သည်။

မြန်မာစာပေ သမိုင်းတစ်လျှောက်ကို စေ့ငုကြည့်မည်ဆိုပါက ခေတ် ကာလများ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲပျက်သုဉ်းလာခဲ့သော်လည်း ရဟန်း စာဆိုတော်၊ လူပုဂ္ဂိုလ်ကျော်များ၏ ဂန္ထဝင် မြောက်သည့် မြန်မာစာပေ လက်ရာများမှာ မဆိတ်သုဉ်းဘဲ အစဉ်အဆက်ထွန်းလင်း တောက်ပြောင် လျက် ရှိပါသည်။ ထိုဂန္ထဝင် မြန်မာစာပေလက်ရာများသည် အသိအလိမ္မာ ဉာဏ် ပညာနှင့် တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်မြတ်နိုးသည့် တိုးတက်ရာ တိုးတက် ကြောင်းတို့ကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။

စာပေသည် နိုင်ငံနှင့်လူမျိုးအား အပြန်အလှန်အကျိုးကျေးဇူးပြုမှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုး သားစာပေဆုများ ချီးမြှင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေ အချိုးအစားညီမျှစွာ တိုးတက် ထွန်းကားမှသာ စာပေအနုပညာနယ်ပယ် ကြီးပွား ထွန်းကားလာ မှာဖြစ်သလို အပြန်အလှန်အားဖြင့် စာပေ အနုပညာ နယ်ပယ် ကြီးပွား ထွန်းကား လာတာနဲ့အမျှ အသိပညာမြင့်မားတဲ့ ခေတ်မီလူ့စွမ်းအားအရင်း အမြစ်တွေ ကြွယ်ဝလာပြီး မိမိတို့ရဲ့ နိုင်ငံဟာလည်း တိုးတက်ပြည့်စုံလာမှာ ဖြစ်ပါတယ်”ဟု ဗီဒီယိုဖြင့် ပြောကြားခဲ့သည်။

ထိုသို့ တိုင်းပြည်နှင့်လူမျိုးအတွက် ကြီးမားသောအကျိုးများကို စာပေ ဟူသောကြားခံ ပစ္စည်းဖြင့် ဖန်တီးဆောင်ကြဉ်းပေးခဲ့သော စာဆိုပုဂ္ဂိုလ်များကို စာဆိုရာသီ၊ စာဆိုလဖြစ်သော နှစ်စဉ် နတ်တော်လဆန်း ၁ ရက် စာဆိုတော် နေ့တွင် ချီးမြှောက်ဂုဏ်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ကောင်းမြတ်သည့် ယဉ်ကျေးမှုအစဉ်အလာ ဖြစ်ပေသည်။ ၂၀၁၉ ခုနှစ်တွင် ခေတ်အတွေး၊ ခေတ်အမြင်ကိုထင်ဟပ်ပြီး စေတနာစိတ်၊ စာနာစိတ်များ ပွားများနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပ ပညာရပ်ဆိုင်ရာ သုတစာပေများအား စာပေအဆင့်အတန်းမီမီ ရေးဖွဲ့နိုင် သဖြင့် ဂုဏ်ပြုချီးမြှင့်လိုက်ပါသည်။ ။

စာပေသည် လူတစ်ဦးအတွက်သော်လည်းကောင်း၊ အစုအဖွဲ့အတွက် သော်လည်းကောင်း လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးရေး၊ အသိဉာဏ်ပညာဆင်ခြင် တွေးခေါ်မှုတွန်းအားပေးရေးတို့တွင် အထောက်အကူပြုသည် ဆိုသော်လည်း နည်းပညာခေတ်၌ ခေတ်မီတိုးတက်ဖြစ်ထွန်းမှုများ လွှမ်းမိုးလာသောကြောင့် မြန်မာစာပေ မှေးမှိန်လာသော ယနေ့အချိန်တွင် ယခုကဲ့သို့ စာကောင်း ပေမွန်များ ပေါ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ကြသော ပုဂ္ဂိုလ်များအား နှစ်စဉ်ဂုဏ်ပြု ကြရမည်ဖြစ်သည်။ စာပေစွမ်းအားဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသော စာပေပညာရှင် ကြီးများအား ပူဇော်ခြင်း၊ ထူးချွန်သည့်စာဆိုများအား ချီးကျူးဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ ။

အချိန်ကာလများသည် မည်မျှခေတ်မီတိုးတက် ပြောင်းလဲလာ သည်ဆိုသော်လည်း စာပေသည် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းအတွက် ဂုဏ်ယူ ဖွယ်ရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည်ကို မျိုးဆက်များ အားလုံး သိရှိနိုင်အောင် အစဉ်အမြဲကြိုးပမ်းအားထုတ်နေကြ ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေဖြင့် ၎င်းတို့၏ယဉ်ကျေးမှုအဆင့်အတန်းနှင့် တွေးခေါ် မြော်မြင်မှုတန်ဖိုးကို အကဲဖြတ်ရာ၌ စာပေကို အဓိက အခြေခံထား၍ စဉ်းစားလေ့ ရှိကြသဖြင့် စာပေကို အစဉ်မြှင့်တင်၊ လူမျိုးဂုဏ်မြင့်မားအောင် ကြိုးပမ်း အားထုတ်ကြရ မည်ဖြစ်သည်။ စာပေဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာဖြည့်ဆည်းပေးသော စာပေ ပညာရှင် များကိုလည်း စဉ်ဆက် မပြတ် ဂုဏ်ပြုချီးမြှင့်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နှစ်ပေါင်း တစ်ထောင်ခန့်ရှိပြီဖြစ်သော မြန်မာစာပေဖွံ့ဖြိုးမှု သည် နိုင်ငံတော် နှင့်နိုင်ငံသား၏ ဂုဏ်ဒြပ်တန်ဖိုးအဖြစ် ခိုင်မာစွာတည်ရှိနေ သဖြင့် ယင်းစာပေယဉ်ကျေးမှု အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းပြီး ခေတ်အဆက်ဆက် မျိုးဆက် သစ်များသို့ လက်ဆင့်ကမ်းအမွေ ပေးဝေကြ ရမည်ဖြစ်သည်။ မျိုးဆက်သစ်များ ကလည်း မိမိတို့ ခေတ် အတွက် ဂုဏ်ယူ နိုင်အောင် နိုင်ငံနှင့်လူမျိုး၏စာပေယဉ်ကျေးမှုတန်ဖိုးကို ဆက်လက် မြှင့်တင် အားပေးကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။