Skip to main content

ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေး ဂိုးပြတ်အနိုင်ကစားရမည့် မြန်မာအသင်း

ရန်ကုန် ဩဂုတ် ၃

အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်လာအိုအသင်းတို့ ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့်အုပ်စုပွဲစဉ်များတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အနိုင်ရယူနိုင်ခဲ့သည့်အတွက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေး လာအိုအသင်းကို အနိုင်ရလဒ်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဂိုးကွာခြားချက်အသာရရှိနိုင်ရန် ဂိုးများများသွင်းယူနိုင်ရေး အစွမ်းကုန်ကြိုးစားကစားရမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် လာအိုအသင်းကို နိုင်ပွဲရရှိခဲ့သည့် မှတ်တမ်းကောင်းများရှိသော်လည်း ယခုပွဲစဉ်သည်အမှားမခံဘဲ တိုက်စစ်ကို ထိရောက်စွာအသုံးချပြီး ရရှိလာသည့်အခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်မှသာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးမျှော်လင့်ချက်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ လာအိုအသင်းနှင့် နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၂၄ AFF ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိထားသည်။

လာအိုအသင်းသည် အုပ်စုပွဲစဉ်တစ်လျှောက် ထိုင်းအသင်းကို ငါးဂိုး-ဂိုးမရှိ၊ မလေးရှားကို လေးဂိုး- ဂိုးမရှိနှင့် ဖိလစ်ပိုင်ကို လေးဂိုး-တစ်ဂိုးရလဒ်ဖြင့် သုံးပွဲဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရပြီးဖြစ်သည်။ ယနေ့ မြန်မာအသင်းနှင့်ပွဲစဉ်သည် လာအိုအသင်းအတွက် အမှတ်ရလဒ်နှင့် နောက်တစ်ဆင့်တက်ရေးဖိအားမရှိဘဲ ကစားရမည့်ပွဲတစ်ပွဲသာဖြစ်သည်။

လက်ရှိအုပ်စု (B) တွင် ထိုင်းအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက သုံးပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယနှင့် မြန်မာအသင်းက နှစ်ပွဲကစားတစ်ပွဲနိုင် ရမှတ်သုံးမှတ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။

 

နေမျိုး၊ ဓာတ်ပုံ-MFF