နေပြည်တော် ဩဂုတ် ၃
အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများကြောင့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်စခန်းရှိ အဆောက်အအုံများနှင့် နိုင်ငံပိုင် စက်/ယာဉ် ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ၊ တည်ဆောက်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ မီးစက်များ၊ အရည်အသွေးထိန်းသိမ်းရေးရုံးရှိ ပစ္စည်းကိရိယာများ၊ မိုးလေဝသနှင့်ဇလဗေဒ တိုင်းတာရေးစခန်းရှိ တိုင်းတာရေးကိရိယာပစ္စည်းများ၊ နိုင်ငံခြားမှတင်သွင်းတပ်ဆင်ရသော စက်မှုလျှပ်စစ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများအား ခိုးယူ/ဖျက်ဆီးခြင်းခံခဲ့ရကာ ကျောက်မဲမြို့ စီမံကိန်းအခြေစိုက်စခန်းအတွင်းရှိ ရုံးအဆောက်အအုံတစ်လုံးနှင့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းနေအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယခုအချိန်တွင် ကျောက်မဲမြို့ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွင်း ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၏ ဖျက်ဆီးခဲ့မှုကြောင့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်း အခြေစိုက်စခန်းတွင် ငွေကျပ်သန်း ၈၀၀ ခန့်နှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် အဆောက်အအုံများနှင့် မြို့ပြတည်ဆောက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ စက်/ယာဉ် ယန္တရားများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအတွက် ငွေကျပ် ၂၆ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့ပြင် နိုင်ငံခြားမှတင်သွင်းတပ်ဆင်ရသော စက်မှုလျှပ်စစ်ပစ္စည်းများ၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးသိရှိနိုင်ရန် အဆိုပါပစ္စည်းများ တင်သွင်းတပ်ဆင်ရန် စာချုပ်ချုပ်ဆိုလုပ်ငန်းအပ်နှံထားသော နိုင်ငံခြားကုမ္ပဏီနှင့် ဌာနမှကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များပူးပေါင်း၍ အသေးစိတ်စစ်ဆေးခြင်းနှင့် တန်ဖိုးသင့် တွက်ချက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
နယ်မြေလုံခြုံရေးအခြေအနေများ ကောင်းမွန်ပြီးနောက် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းနှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ သက်ဆိုင်ရာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဝန်ထမ်းများပူးပေါင်း၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဦးစွာဆောင်ရွက်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့၍ ကျောက်မဲမြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည်ရရှိသည်နှင့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းတွင် ထရန်စဖော်မာများ ပြန်လည်တပ်ဆင်၍ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်စခန်းတွင် စီမံကိန်းအဝင်လမ်းများ ပြန်လည်ပြုပြင်အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ စီမံကိန်းရှင်းလင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်း၊ ရေမီးရရှိရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ပျက်စီးဆုံးရှုံးခဲ့မှုများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှကျခံ၍ ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၏ တောင်ဘက်မိုင် (၂၀) ခန့်အကွာ၊ တောင်ခြေကျေးရွာအနီး ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် တည်ရှိသည်။ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး၏ (၅၃ ဒသမ ၉၅) ရာနှုန်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ပျမ်းမျှလျှပ်စစ်ဓာတ်အား ယူနစ် ၁၄၀၉ သန်း နှစ်စဉ်ထုတ်လုပ်၍ မဟာဓာတ်အားလိုင်းမှတစ်ဆင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံလူဦးရေ (၃ ဒသမ ၇) သန်းအား လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်မည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုကြောင့် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စီမံကိန်းတည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
