Skip to main content

သန်လျင်မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၂၅

သန်လျင်မြို့နယ် တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို သန်လျင်ခရိုင် သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီးကျေးရွာရှိ သန်လျင်မြို့နယ်တရားရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ ရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ဦးစွာ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။

ယင်းနောက် IGE Land Co., Ltd. မှ Chief Operation Officer ဦးကျော်သက်က ရုံးအဆောက် အအုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရုံးအဆောက်အအုံနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို သန်လျင်မြို့နယ်တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်တရားသူကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်