ဟားခါး ဇူလိုင် ၂၅
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပါဝင်ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များသည် ချင်းပြည်နယ်သို့ အလှည့်ကျသွားရောက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ကပေးပို့ထောက်ပံ့သော ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်ခြောက်မျိုးစုံပါ အထုပ် ၁၃၂ ထုပ်၊ ဂျပ်ဖာ ၁၄၅ ဖာ၊ စားဆီငါးလီတာဘူး ၃၆၈ ဘူးနှင့် နှစ်လီတာဘူး ၁၅ ဘူး စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၇၅၉၀ သည် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကလေးမြို့သို့ ရောက်ရှိသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများနှင့်အတူ ချင်းပြည်နယ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း လိုက်ပါသွားကြကြောင်း သိရသည်။
သတင်းစဉ်
