ရန်ကုန် ဇူလိုင် ၂၅
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသည့် အင်တာနက်ကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှုပျက်ကွက်ပါက သုံးစွဲသူပြည်သူများမှ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည် စစ်ဆေးထုတ်ပြန်ပေးရေးနှင့် စာချုပ်ပါ စွမ်းရည်ထက်ကျဆင်းနေသည့် ကုမ္ပဏီများအား အရေးယူဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားစဉ် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သုံးစွဲသူများအနေဖြင့် အင်တာနက်လိုင်း ပြတ်တောက်မှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ ကုမ္ပဏီသို့ ရှေးဦးစွာအကြောင်းကြားရန်လိုအပ်ပြီး ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိဘဲ ပျက်ကွက်နေပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
တိုင်ကြားလိုသူများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) ၏ အီးမေးလ်ဖြစ်သော complaint @ptd.gov.mm သို့ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်မည်ဖြစ်သည်။
ထို့ပြင် စားသုံးသူရေးရာဦးစီးဌာနသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားစာ စုစုပေါင်း ၂၂၀၀ ခု လက်ခံရရှိ ခဲ့ရာမှ ၂၁၉၂မှုကို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ရှစ်မှုကိုလည်း ဆက်လက်ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
TWA
