Skip to main content

နေပြည်တော်နဲ့ ဗီယင်ကျန်းတို့ကို Sister City အဖြစ် ဆက်သွယ်ဆောင်ရွက်သွားဖို့၊ ကျိုင်းတုံနဲ့ လွန်ပရာဘန်မြို့ကို လေကြောင်းလိုင်းပြေးဆွဲဖို့၊ နယ်စပ်ဒေသကုန်သွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သတင်းအချက်အလက်တွေဖလှယ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ . . .

ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက မီဒီယာများအား ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်-

မေး ။  ။ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံကိုအာဆီယံနိုင်ငံတွေထဲမှာ ပထမဆုံးသွားရောက်ဖြစ်တဲ့ အကြောင်းရင်းကို ပြောပေးပါဦး။

ဖြေ ။   ။ ကျွန်မတို့ သမ္မတကြီးက အာဆီယံနိုင်ငံထဲမှာ လာအိုနိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရောက်တဲ့အကြောင်းရင်းက အာဆီယံနိုင်ငံတွေထဲမှာ လာအိုနိုင်ငံက နှစ်ပေါင်း (၇၀) ကျော် သံတမန်ဆက်ဆံရေးရှိခဲ့တဲ့နိုင်ငံပါ။ နယ်နိမိတ်ချင်းလည်း ထိစပ်နေတယ်။ အစဉ်အဆက် ရင်းနှီးစွာ ဆက်ဆံခဲ့တယ်။ ပြည်သူတွေချင်း ဆက်ဆံရေးဆိုရင် နှစ်ပေါင်း (၇၀) မကပါဘူး။ နှစ်ပေါင်းရာချီပြီး ပြည်သူအချင်းချင်း ဆက်ဆံခဲ့တဲ့နိုင်ငံပါ။ ပြီးတော့ မြန်မာနိုင်ငံကို အမြဲတမ်း Supporting ပေးခဲ့တယ်။ နယ်နိမိတ်တစ်လျှောက်မှာ နယ်စပ်ပြဿနာ လုံးဝမရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက အာဆီယံကို တစ်ရက်တည်းဝင်ခဲ့ကြပါတယ်။ လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်မှာ အာဆီယံ Chair အဖြစ် တာဝန်ယူစဉ်ကလည်း ကျွန်မတို့နိုင်ငံကို အပြည့်အဝထောက်ခံခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံဘက်က အပြည့်အဝရပ်တည်ခဲ့ပါတယ်။ သံတမန်ဆက်ဆံရေးတစ်လျှောက်မှာလည်း တကယ်ကို မိတ်ဆွေအရင်းအချာပမာဆက်ဆံခဲ့တဲ့ အိမ်နီးချင်းကောင်း နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်မတို့နှစ်နိုင်ငံရဲ့ နိုင်ငံရေး၊ သံတမန်ရေးပါ။

နောက်တစ်ခုက လာအိုနိုင်ငံက အာဆီယံနိုင်ငံထဲမှာ landlocked country ပါ။ landlocked country ကနေပြီး land-linked country ဖြစ်လာတယ်။ လာအိုနိုင်ငံကနေ လျှပ်စစ်ဓာတ်အားတွေကို ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ရောင်းချနိုင်ခဲ့တဲ့ အနေအထားကို ရောက်လာပါတယ်။ အဲဒီတော့ ကျွန်မတို့က ဒါတွေကို လေ့လာချင်တယ်။ လာအိုနိုင်ငံဟာဆိုရင် မဲခေါင်မြစ်ကြီးတစ်ခုပဲရှိတဲ့နိုင်ငံပါ။ ကျွန်မတို့နိုင်ငံမှာဆိုရင် မြစ်ကြီးလေးစင်းရှိပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် လေ့လာဖို့၊ ဆွေးနွေးဖို့အတွက် လာအိုနိုင်ငံကို ပထမဆုံး အာဆီယံနိုင်ငံထဲက နိုင်ငံအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး ။  ။ လာအိုနိုင်ငံ ခရီးစဉ်ကနေ ဘယ်လိုသဘောတူညီချက်တွေ ရရှိခဲ့ပါသလဲ။

ဖြေ ။   ။ မြန်မာ - လာအို ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ်မြှင့်တင်ဖို့ သဘောတူညီခဲ့ပါတယ်။ ပြီးတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်လို့ မြန်မာနဲ့လာအိုနဲ့ပူးပေါင်းပြီးတော့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ ရေအားလျှပ်စစ် ဘယ်လောက်ထုတ်နိုင်မလဲဆိုတဲ့ Feasibility Study လုပ်ဖို့အတွက် သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးတော့ အလုပ်သမားရေးရာနဲ့ပတ်သက်လို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နှစ်နိုင်ငံမြို့တော် နေပြည်တော်နဲ့ ဗီယင်ကျန်းတို့ကို Sister City အဖြစ် ဆက်သွယ်ဆောင်ရွက်သွားဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျန်ဆွေးနွေးခဲ့တဲ့အချက်တွေ လည်းရှိပါတယ်။ ဒါကတော့ ကျိုင်းတုံနဲ့လွန်ပရာဘန်မြို့ကို လေကြောင်းလိုင်းပြေးဆွဲဖို့၊ နယ်စပ်ဒေသကုန်သွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သတင်းအချက်အလက်တွေဖလှယ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်။

မေး ။  ။ ဒီခရီးစဉ်မှာ အထင်ရှားဆုံး အောင်မြင်မှုက ဘာဖြစ်မလဲဆိုတာ သိပါရစေ။

ဖြေ ။   ။ ဒီခရီးစဉ်မှာ အထင်ရှားဆုံး အောင်မြင်မှုကိုပြောရမယ်ဆိုရင် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးမှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်ဖို့အတွက် အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပါတယ်။ ချစ်ကြည်ရင်းနှီးမှု မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ပါတယ်။

မေး ။  ။ မြန်မာ-လာအို ရေအားလျှပ်စစ်စီမံကိန်းအတွက် MoU ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါမလဲ။

ဖြေ ။   ။ မြန်မာနဲ့လာအို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ဆိုတာထက် ပထမဆုံးအနေနဲ့ မဲခေါင်မြစ်ဝှမ်းမှာ နှစ်နိုင်ငံပူးပေါင်းပြီးတော့ Feasibility Study လုပ်ဖို့အတွက် agreement ရယူခဲ့တာပါ။ ဒီ agreement ကနေ လျှပ်စစ်ဓာတ်အား ဘယ်လောက်ထုတ်နိုင်မလဲဆိုတာပါ။ သမ္မတကြီးက အမြဲတမ်းပြောတာရှိပါတယ်။ စွမ်းအင်လုံခြုံမှုရှိတာက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်တယ်ဆိုတာကို အမြဲတမ်းလမ်းညွှန်မှုပေးခဲ့ပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံမှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဘယ်ကနေရရှိနိုင်မလဲဆိုတာ အမြန်ဆုံးနဲ့ဈေးအသက်သာဆုံး နည်းလမ်းကနေရရှိဖို့အတွက် နည်းလမ်းတွေရှာဖွေတဲ့နေရာမှာ ဒါ one of the source ဖြစ်လာနိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်သာ အောင်မြင်မယ်၊ လေ့လာချက်တွေကနေပြီးတော့မှ နှစ်နိုင်ငံပူးပေါင်းပြီး ရေစွမ်းအင်ကနေ လျှပ်စစ်ရင်းမြစ်တွေ ဖော်ထုတ်နိုင်မယ်ဆိုရင် နှစ်နိုင်ငံပြည်သူတွေအတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။

သတင်းစဉ်