Skip to main content

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ယမန်နေ့က ချင်းပြည်နယ်အတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကလေး) ရှိ ဝန်ထမ်းများ၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များနှင့်ဖွံ့ဖြိုး ရေးသင်တန်းကျောင်း (ကလေး) မှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး သင်တန်းကျောင်းအောင်ချက်ရာခိုင်နှုန်းများ ကောင်းမွန်စေရေး ကြိုးစားရန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်၍ ကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်