Skip to main content

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ (၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး

ရန်ကုန် ဇူလိုင် ၂၆ 

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစားအသောက်များကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်၊ မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှားကျော်ကြားလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများကို အခြေခံပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆွဲဆောင်နိုင်ရန်နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ကြီးကြပ်၍ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ (၂၀၂၆) ကို “Taste of the Golden Land 2026”ဟူသည့် ဆောင်ပုဒ်ဖြင့် ရန်ကုန်မြို့ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ဇူလိုင် ၂၅ ရက်မှ ၂၆ရက်​အထိ ကျင်းပခဲ့သည်။ 

ယနေ့ ဒုတိယနေ့အစီအစဉ်များ အရ မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ တည်ခင်းပြသခြင်း၊ မြန်မာနိုင်ငံ လက်ဖက်နှင့် ကော်ဖီအသင်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခြင်း၊ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းနယ်ပယ်၌ ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း၊ မြန်မာ့ရိုးရာထုတ်ကုန်ပစ္စည်းများကို အသုံးပြု၍ ကော့တေးပြုလုပ်ပြသခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ 

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်အတူ ဒုတိယနေ့ ကျင်းပနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ 

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ (၂၀၂၆) ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပ ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အဖွဲ့ ခုနစ်ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြခန်းပေါင်း ၁၂၀ ပါဝင်ပြသရောင်းချပေးခဲ့ပြီး စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာဝယ်ယူအားပေးကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သတင်းစဉ်