နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဆေဆုံဖုန်းဖုန်ဝိဟိန့်နှင့် လာအိုအမျိုးသားလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုအမျိုးသားလွှတ်တော်ရုံးသို့ ရောက်ရှိကြရာ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဆေဆုံဖုန်းဖုန်ဝိဟိန့်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် လာအိုအမျိုးသားလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ်လိုက် ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လာအိုအမျိုးသားလွှတ်တော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်လာရောက်ခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ပထမဆုံးဖြစ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်နှင့် အစိုးရက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ အစိုးရအဖွဲ့သစ်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသကဲ့သို့ လာအိုနိုင်ငံအနေဖြင့်လည်း မကြာမီကာလက ရွေးကောက်ပွဲကျင်းပ၍ အစိုးရအဖွဲ့သစ်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံအစိုးရအဖွဲ့အချင်းချင်းနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်မှုအခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နိုင်ငံတကာဆက်ဆံမှုများ တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အာဆီယံအဖွဲ့အတွင်းသို့ တစ်ချိန်တည်းဝင်ရောက်ခဲ့သည့် နိုင်ငံများဖြစ်သည်နှင့်အညီ အပြန်အလှန်ထောက်ခံအားပေးလျက်ရှိမှု အခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးသာမက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် လာအိုအမျိုးသားလွှတ်တော်ရုံးမှ ပြန်လည်ထွက်ခွာရာ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီးလိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
