(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
အားလုံးမင်္ဂလာပါ ခင်ဗျာ
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့တဲ့ နှစ် (၃၀) ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုပါကြောင်းနဲ့ ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုတဲ့နေ့လည်းဖြစ်တဲ့အတွက် များစွာဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့အခမ်းအနားဟာ နှစ်ပေါင်း (၃၀) ကာလအတွင်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုတွေကို ပြန်လည်အမှတ်ရခြင်းသာမက အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားမယ့် ကတိကဝတ်တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မြန်မာအမျိုးသမီးများသည် ရှေးယခင်ကတည်းက မိသားစုဘဝသာယာရေး၊ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး နိုင်ငံအကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိကြပါတယ်။ ကျေးလက်ဒေသတွေကအစ မြို့ပြဒေသများအထိ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ နိုင်ငံတော်အတွက် ထိရောက်တဲ့ အင်အားတစ်ရပ်ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအနေနဲ့ ၁၉၉၅ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကချမှတ်ခဲ့တဲ့ ပေကျင်းလုပ်ငန်းစီမံချက်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍ (၁၂) ရပ်ကို သတ်မှတ်ပေးခဲ့ပြီး ယနေ့အချိန်ထိ နိုင်ငံတကာအသိုက်အဝန်းအတွက် အရေးပါတဲ့လမ်းညွှန်ချက်တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအပါအဝင် အမျိုးသမီးများအား “နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း” ကို ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးနဲ့ တန်းတူအခွင့်အရေးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅) ဖြစ်တဲ့ ကျား၊ မ တန်းတူညီမျှမှုရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆောင်ရွက်နေပေမယ့်လည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာလည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ UN Women အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ တိုးတက်မှုများအတွက် ၂၀၂၅ ခုနှစ် ကျား၊ မ တန်းတူညီမျှရေး ခြုံငုံသုံးသပ်ချက်အစီရင်ခံစာ” အရ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ် ၅၇၁ သန်းခန့်ဟာ အလွန်ဆင်းရဲနွမ်းပါးမှုအခြေအနေမှာ ဆက်လက်နေထိုင်ရနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အတွင်း အမျိုးသမီး ၈ ဦးမှာ ၁ ဦးဟာ မိသားစုအတွင်း အကြမ်းဖက်မှုကို ခံစားခဲ့ရကြောင်း တွေ့ရှိရတယ်။ ဒါတွေကို လျော့နည်းသွားအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းရှိ လွှတ်တော်များမှာ အမျိုးသမီးကိုယ်စားလှယ်များရဲ့ ပါဝင်မှုနှုန်းအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ ၂၇ ဒသမ ၂ ရာခိုင်နှုန်းရှိလာပြီး ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်လာတာ တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ ဆုံးဖြတ်ချက်ချမှတ်မှုအဆင့်ဆင့်မှာ အမျိုးသမီးများရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ပါဝင်မှုနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
အာဆီယံဒေသတွင်းမှာလည်း အမျိုးသမီးများရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ကျား၊ မ တန်းတူညီမျှမှုဖော်ဆောင်ရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ မူဝါဒနဲ့ အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ရေးအတွက် အမိကမဟာဗျူဟာစီမံကိန်းတစ်ခုဖြစ်တဲ့ “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)” ကို ပေကျင်းလုပ်ငန်းစီမံချက်ရဲ့ အရေးကြီးကဏ္ဍ (၁၂) ရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
မဟာဗျူဟာစီမံကိန်းရဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ အနာဂတ်ကို ပုံဖော်ပေးတဲ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်မောင်းနှင်ပေးတဲ့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးကဏ္ဍ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့်ရှိပေမယ့်လည်း၊ အသက် ၁၅ နှစ်နဲ့အထက် စာတတ်မြောက်မှုနှုန်းမှာ အမျိုးသားဟာ ၉၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသမီး ၉၀ ဒသမ ၉ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးများရဲ့ စာတတ်မြောက်မှုနှုန်းဟာ မြို့ပြမှာ ၉၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်မှာ ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာရှိပါတယ်။ မြို့ပြနဲ့ကျေးလက်အကြားမှာ ပညာရေးကွာဟချက်များ ရှိနေဆဲဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စာတတ်မြောက်မှုနှုန်းအနေနဲ့ တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် သိသိသာသာ နည်းပါးနေတာကို တွေ့ရှိရပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ပညာရေးကဏ္ဍမှာ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ ပညာသင်ယူခွင့်နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ပိုမိုအလေးထားဆောင်ရွက်ဖို့လိုအပ်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြနဲ့ကျေးလက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ပညာရေးကွာဟချက်တွေကို လျှော့ချနိုင်ဖို့နဲ့ အမျိုးသမီးများအတွက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ လေ့ကျင့်သင်ကြားရေးအခွင့်အလမ်းတွေ ပိုမိုရရှိစေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးအားဖြင့် ကျေးလက်နေကျောင်းနေအရွယ် အမျိုးသမီးငယ်များအားလုံး ကျောင်းတက်နိုင်ရေး၊ အနည်းဆုံး KG+9 သင်ယူနိုင်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ ကျေးရွာစာကြည့်တိုက်ငယ်များ ဖွင့်လှစ်ပြီး စာပေလေ့လာဖတ်ရှုရေး၊ ဗဟုသုတများ ရရှိရေးတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း အလေးထားမှာကြားလိုပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ အသက် ၁၅ နှစ်နဲ့အထက် လုပ်သားအင်အားပါဝင်မှုနှုန်းမှာ အမျိုးသားက ၆၃ ဒသမ ၈ ရာခိုင်နှုန်းရှိပေမယ့်လည်း အမျိုးသမီးက ၃၄ ဒသမ ၁ ရာခိုင်နှုန်းသာရှိတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် မြို့ပြနဲ့ ကျေးလက်ဒေသများအကြားသာမက တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အကြားမှာလည်း အမျိုးသမီးများရဲ့ လုပ်သားအင်အား ပါဝင်မှုနှုန်းဟာ အမျိုးသားထက်နည်းပါးနေပြီး ကွာဟချက်တွေဆက်လက်တည်ရှိနေတာကို တွေ့ရပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးများအတွက် စီးပွားရေးစွမ်းဆောင်ရည်မြှင့်မားလာစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ အပြည့်အဝပါဝင်နိုင်စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။
မြန်မာအမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရပ်ပိုင်းနဲ့ အနုပညာ စတဲ့ကဏ္ဍတွေမှာသာမက နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားများမှာပါ အမျိုးသားများနှင့် တန်းတူတိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ လွှတ်တော်အသီးသီးမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှုနှုန်းအနေနဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ဒုတိယအကြိမ်မှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အခုတတိယအကြိမ်မှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာတာ တွေ့ရပါတယ်။
တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီးဒုတိယရဲအုပ်အဆင့်နဲ့အထက် ပါဝင်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၂ ဒသမ ၈၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်မှာ ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းထိ မြှင့်တက်လာတာ တွေ့ရပါတယ်။ ဒုတိယမြို့နယ် ဥပဒေအရာရှိနှင့်အထက် ရာထူးနေရာများနဲ့ ဒုတိယမြို့နယ် တရားသူကြီးနဲ့အထက် ရာထူးနေရာတွေမှာလည်း အမျိုးသမီးပါဝင်မှု ၅၃ ရာခိုင်နှုန်းနီးပါးရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနှုန်း မြင့်မားနေတာ အားရဖွယ်ရာ တွေ့ရှိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းမှာ ခန့်အပ်ပြီး ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၅,၅၂၂ ဦးအနက် အမျိုးသမီးရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁၀၉ ဦး ခန့်အပ်ထားပြီးဖြစ်ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးတွေကို ရပ်ရွာခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်သူများအဖြစ် ဆုံးဖြတ်ချက်ချမှတ်တဲ့ ကဏ္ဍတွေမှာ တာဝန်ပေးခန့်အပ်ထားလျက်ရှိပြီး တာဝန်ထမ်းဆောင်နေကြတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူဝါဒများနှင့် အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ပိုမိုခိုင်မာအားကောင်းစေဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျား၊ မ ရေးရာ လုပ်ငန်းစဉ်တွေအတွက် တာဝန်ခံမှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို တိုးမြှင့်ဖို့နဲ့ အမျိုးသားများ၊ လူငယ်များကိုလည်း ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားဖို့ မှာကြားလိုပါတယ်။
ယခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်ပြီဖြစ်လို့ ဒီလိုထူးခြားတဲ့နှစ်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီကို ဒုတိယသမ္မတ (၂) နဲ့ အဆင့်မြှင့်တင်ဖွဲ့စည်းပေးထားပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စီမံကိန်းလုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ တန်းတူအခွင့်အရေးများရရှိတဲ့ လူမှုအသိုက်အဝန်းတစ်ရပ်တည်ဆောက်ရေးနဲ့ အထူးအားဖြင့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးအတူတကွ ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများ နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှသာ မိသားစု၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားပြီး တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနိုင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်ရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
