Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ကမ္ဘာတစ်ဝန်း၌ ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့နေရပြီး အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားခဲ့ရာတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့များ၌လည်း ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ထိပ်ပိုင်းမှပါဝင်ခဲ့ကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတည်ရှိသည့် တပ်ကုန်းမြို့နယ်သည်လည်း ပူပြင်းခြောက်သွေ့သည့်ဒေသတွင် ပါဝင်နေမှုကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ငါးမျိုးစိုက်ထည့်မှုကိုလည်း ငါးသယံဇာတမျိုးပွားလာစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့်တွဲဖက်ပြီး စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဌာနဆိုင်ရာများအလိုက် ပျိုးပင်များကိုခွဲဝေပေးအပ်သည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မဟော်ဂနီပင်ကို ဦးစွာစိုက်ပျိုးပေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို ဆက်လက်စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် စိန်တစ်လုံးသရက်ပင် ၅၀၀ အား ဝန်ထမ်းများ စုပေါင်းစိုက်ပျိုးမှုကိုလည်းကောင်း၊ ကာကီဘဲအကောင်ရေ ၂၀၀ နှင့် ဆိတ် ၁၅၄ ကောင် မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ယင်းနောက် ငါးမျိုးစိုက်ထည့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ထမ်းများက ငါးသားပေါက်များကို စိုက်ထည့်ပေးကြသည်။

ယနေ့တွင် သစ်ပင်/ ပျိုးပင် ၁၂၀၀ နှင့် စိန်တစ်လုံးသရက်ပင် ၅၀၀ စိုက်ပျိုးမှုနှင့်အတူ ငါးမြစ်ချင်းကောင်ရေ ၅၀၀၀ ကိုလည်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်