Skip to main content

MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်းသည် လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးလိုအပ်ချက်ကို အချိန်တိုအတွင်း မြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မည့် အဓိကပေါင်းကူးတံတားတစ်ခုဖြစ်

နေပြည်တော် ဇူလိုင် ၂၃

MSME ဒီဂျစ်တယ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း(MSME Digital Lending Application) သည် လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးလိုအပ်ချက်ကို အချိန်တိုအတွင်း မြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မည့် အဓိကပေါင်းကူးတံတားတစ်ခုဖြစ်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ကျင်းပသည့် MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း (MSME Digital Lending Application) တည်ဆောက်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲတွင် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက လိုအပ်ချက်များစွာရှိသည့်အနက် ငွေကြေးအရင်းအနှီးများ လွယ်ကူမြန်ဆန်စွာ လက်ဝယ်ရောက်ရှိရေးသည် မရှိမဖြစ်လိုအပ်သော အသက်သွေးကြောတစ်ခုဖြစ်ကြောင်း။

ထို့ကြောင့် ခေတ်မီနည်းပညာ ဒီဂျစ်တယ်စနစ်အသုံးပြုပြီး စာရွက်စာတမ်းအနည်းဆုံးဖြင့် စိစစ်နိုင်မည့် Paperless စနစ်သို့ မဖြစ်မနေကူးပြောင်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု MSME Digital Lending Application ကို အကောင်အထည်ဖော်အသုံးပြုခြင်းဖြင့် ယခင်က ရက်သတ္တပတ် ပေါင်းများစွာ (သို့မဟုတ်) လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စိစစ်မှုလုပ်ငန်းစဉ်များကို အချိန်တိုအတွင်း မိနစ်ပိုင်း(သို့မဟုတ်)ရက်အနည်းငယ်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက MSME ဒီဂျစ်တယ်ချေးငွေ အက်ပလီကေးရှင်း အကောင်အထည်ဖော်ရေး၊ Digital Application Scope သတ်မှတ်ခြင်း၊ အချက်အလက် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ Data အချက်အလက်လုံခြုံရေး၊ နည်းပညာစံနှုန်းများနှင့် ဒေသန္တရ အခန်းကဏ္ဍပိုင်းတို့ကို ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF) မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်အသင်း(MDEA)နှင့်အသင်းအဖွဲ့များမှ ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                   

 သတင်းစဉ်