Skip to main content

ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော်  ဇူလိုင် ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(United Nations Population Fund-UNFPA)  မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား  ယနေ့နံနက်  ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် စီမံကိန်းပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ၊ တိုင်းဒေသကြီးလေးခု၏ အစီရင်ခံစာများထုတ်ပြန်ပြီးစီးမှုနှင့် ကျန်တိုင်းဒေသကြီး၊  ပြည်နယ်အစီရင်ခံစာများထုတ်ပြန်နိုင်ရေးဆက်လက်ဆောင်ရွက်နေမှု၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရလဒ်များအပေါ်အခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နေမှု၊ UNFPA နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့်နေခွင့်ဆိုင်ရာကိစ္စရပ်များအဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့်နီးကပ်စွာ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း  ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းနှင့်တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်