Skip to main content

မသန်စွမ်းသူများ၏ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးများရရှိစေရန် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့်မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၂၂

မိတ္ထီလာမြို့နယ် ဓမ္မပါလကျေးရွာ ဘဝသစ်မျက်မမြင် ပညာသင်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသ ကြီးတာဝန်ခံ) ဦးသန်းအောင်ကျော် တက်ရောက်ကြည့်ရှုအားပေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က နိုင်ငံသား များဖြစ်ကြသော မသန်စွမ်းသူများ၏ ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူများ အသိုက်အဝန်းတစ်ခုလုံးအတွက် အခြေခံကျသောနိုင်ငံရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ မဲစာရင်းပြုစုရာတွင် မသန်စွမ်းမဲဆန္ဒရှင်များ မကျန်ခဲ့စေရေး၊ မဲရုံများ၌ မဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်သောသူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ရွေးကောက်ပွဲဥပဒေများတွင် အခွင့်အရေးများ အပြည့်အဝပေးအပ်ထားပြီးဖြစ်ကြောင်းနှင့် ယခုအခမ်းအနားက အမြင်အာရုံမသန်စွမ်းသူ(မျက်မမြင်)များအတွက် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် ကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရန် စမ်းသပ်လေ့ကျင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မန္တလေးတိုင်း‌ဒေသကြီး တာဝန်ခံဦးအောင်ကောင်းမြတ်က မျက်မမြင်များကိုယ်တိုင် မဲပေးနိုင်မည့် အခွင့်အလမ်းရရှိနိုင်ရန် စီစဉ်ပေးမှုအတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားပြီး မိတ္ထီလာခရိုင် ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ခိုင်နွယ်က မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် မျက်မမြင်စာဖြင့် အထူးပြုလုပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြု၍ စမ်းသပ်မဲပေးခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘဝသစ်မျက်မမြင်ကျောင်းနှင့် ရှေ့ဆောင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၃၀ က လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဘဝသစ်နှင့်ရှေ့ဆောင် မျက်မမြင်ပညာသင်ကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မိတ္ထီလာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပပြုလုပ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၊ လုပ်ငန်း လမ်းညွှန်သင်တန်းမှ သင်တန်းသား သင်တန်းသူများအား တွေ့ဆုံ၍လိုအပ်သည်များမှာကြားခဲ့ပြီး မိတ္ထီလာ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)