နေပြည်တော် နိုဝင်ဘာ ၂၁
ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ သစ်တောကျောင်း (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၈) ကျောင်းဆင်းစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ကြီး၊ ကျောင်းဆင်းသင်တန်းသားများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ထူးချွန်ဆုရသင်တန်းသားများနှင့် စစ်ရေးပြအကောင်းဆုံးတပ်ခွဲအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး မြန်မာနိုင်ငံသစ်တောကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု (၁၂၇) နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်သစ်တောအမှုထမ်းကောင်း များစွာမွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့အထိ ၆၆၉၂ ဦး ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ သင်တန်းသားများအား စာတွေ့၊ လက်တွေ့ ကျွမ်းကျင်တတ်မြောက်ပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တ တိုးတက်ကောင်းမွန်လာစေရန်၊ ပြည်သူလူထုနှင့် ပူးပေါင်းပြီး ပြည်သူ့အကျိုးသယ်ပိုးလိုစိတ်ရှိလာစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန် သင်ကြားပို့ချခဲ့ပါကြောင်း။
ကမ္ဘာ့နိုင်ငံများတွင် သဘာဝအရင်းအမြစ်များ အလွန်အကျွံထုတ်ယူသုံးစွဲသဖြင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲဆိုးကျိုးများကို လူသားအားလုံးခံစားနေရပါကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၅၀ ရာနှုန်းအထိ ရောက်ရှိစေရေးရည်မှန်းထားရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဖိုးတန်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရာတွင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းသတ်မှတ်ခြင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ တရားမဝင်သစ်ထုတ်လုပ်မှု တားဆီးကာကွယ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ မျက်ခြည်မပြတ်လေ့လာနေရမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းမြှင့်တင်ရေးနိုင်ငံနှင့် ပြည်သူ့အကျိုးဆောင်ရွက်ရာတွင် ပြည်သူများ အကြည်အညိုပျက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ လုံးဝရှောင်ရှားကြပါရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးအား အလံကိုင်တပ်ဖွဲ့နှင့် သင်တန်းဆင်းတပ်ခွဲများက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြု၍ စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသည်။
ထို့နောက် အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၈) သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံသစ်တောကျောင်းကျွန်း ရတနာခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဂုဏ်ပြုဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
