နေပြည်တော် နိုဝင်ဘာ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူ ၃၀၄ ဦး အား စိစစ်အတည်ပြုရွေးချယ်သည်။
ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ ရွေးချယ်ရေးဆောင်ရွက်သည့် နေ့ရက်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။
ထို့နောက် ဒီဂရီကောလိပ်အတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့သည်။
ဒီဂရီကောလိပ် (ရန်ကုန်) တွင် သင်တန်းသား ရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်ပေးခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
