Skip to main content

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၉

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော် ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးထွန်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ) နှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြ သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက ဆောင်ရွက်တော်မူသည်။

ထို့နောက် နဝမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များ အပေါ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပဏ္ဍိတကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီအချိန်၌ ရပ်နားသည်။

ယင်းနောက် ဒုတိယနေ့အစည်းအဝေး ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ဆက်လက်၍ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးချက် များအပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်ကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဣန္ဒာဝုဓ ကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တမကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဘောဂကလည်းကောင်း ပြန်ကြားလျှောက်ထား တော်မူကြသည်။

ထို့နောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက အတည်ပြုချက်ရယူပြီး အစည်းအဝေး တက်ရောက်လာကြသည့် ဆရာတော်များအားလုံးက “ဇယန္တော ဗောဓိယာမူလေ” အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီးနောက် သာဓုသုံးကြိမ်ခေါ်ဆိုလျက် နဝမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မ မိတ်ဆွေများက တေစတ္တာလီသတိမ (၄၃) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်