နေပြည်တော် နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါသီပေါမြို့၌ အခြေခံပညာကျောင်းပေါင်း ၁၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦး ထပ်မံလာရောက် ကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၄၇၀ ဦးအထိရှိပြီဖြစ်ပြီးအဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြသည်။ ထို့ပြင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
၎င်းအပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၂၉ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာ ၂၇ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
၎င်းအပြင် တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင် စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ လာဘမုနိတရုတ်ဘုံကျောင်းတွင် ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးအား စတင်ဖွင့်လှစ်ခဲ့ပြီး တပ်မတော်မှ တာဝန်ရှိသူများ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ဒေသခံပြည်သူများက တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါဆေးရုံကြီး၌ ယနေ့တွင် ပြင်ပလူနာ ၈၁ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာ ၁၀ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
