နေပြည်တော် ဇူလိုင် ၂၉
မရမ်းကုန်းမြို့နယ်၌ ငွေကျပ်သိန်း ၃၈၀၀ တန်ဖိုး၊ မရမ်းကုန်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် သန်လျင်မြို့နယ်တို့၌ ငွေကျပ်သိန်း ၂၄၈၈ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီတွင် သတင်းအရ မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် အင်းစိန်လမ်းမကြီးတွင် မင်္ဂလာဒုံမြို့နယ် အနောက်ပိုင်းကျေးရွာနေ ကျော်မြင့်သန်း(၃၅)နှစ် မောင်းနှင်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အလယ်ကျေးရွာနေ အောင်ဝင်း(၂၇)နှစ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် စက်စမ်းရပ်ကွက်နေ သိန်းရွှေ(၆၂)နှစ်နှင့် ထန်းတပင်မြို့နယ် အေးမြို့ရွာနေ ဘကျော်(၄၇)နှစ်တို့ လိုက်ပါလာသော TOYOTA IPSUM မော်တော်ယာဉ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် (၉)ရပ်ကွက်နေ ဇော်အောင်(၄၉)နှစ် မောင်းနှင်ပြီး ညောင်တုန်းမြို့နယ် အင်းမရွာနေ သက်ဇင် (ခ) အောင်အောင် (၅၀) နှစ်၊ ရွှေပြည်သာမြို့နယ်(၂၀)ရပ်ကွက်နေ မောင်အေးလှိုင်(၅၅)နှစ်တို့ လိုက်ပါလာသော TOYOTA CALDINA မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၁၉၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၃၈၀၀) ဖမ်းဆီးရမိသဖြင့် ယင်းတို့ခုနစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့ပြင် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းတွင် လမ်းလျှောက်လာသူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၁)ရပ်ကွက် နေ ကောင်းထိုက်ကျော် (၃၇) နှစ်အား စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် HAPPY WATER ၄၅ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၇ သိန်း)၊ ကက်တမင်း ၁၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ခြောက်သိန်း)နှင့် အက်တက်စီဆေးပြား ၁၀ ပြား (တစ်ပြား လျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ငါးသိန်း) ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် (၉၃)ရပ်ကွက် ကျွန်းရွှေဝါလမ်းတွင် လမ်းလျှောက်လာသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၄) ရပ်ကွက်နေ စည်သူကျော်(၃၉)နှစ်ထံမှ ကက်တမင်း ၅၀၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀) ကိုလည်းကောင်း၊ ဆက်လက်၍ ည ၆ နာရီတွင် သန်လျင်မြို့နယ် ဘုရားကုန်းရွာနေ မလှသန္တာ(၃၅)နှစ်ထံမှ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၄၃၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၁၅၀) ကိုလည်းကောင်း စုစုပေါင်း ငွေကျပ်သိန်း ၂၄၈၈ တန်ဖိုး ဖမ်းဆီးရမိခဲ့သဖြင့် ကောင်းထိုက်ကျော်၊ စည်သူကျော်နှင့် မလှသန္တာတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်
