နေပြည်တော် အောက်တိုဘာ ၂
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဆွေ က ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့၌ တိုးတက်ကောင်းမွန်စေရေးအတွက် အခြေခံကျသောအခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ထို့ကြောင့် ဗဟိုကော်မတီအနေဖြင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အစီအမံများရေးဆွဲခြင်း၊ လိုအပ်ချက်များကို ပြုပြင်ခြင်း၊ အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းတို့ဖြင့် ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းထုတ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း။
ကုန်သွယ်ရေးလိုငွေပြမှု မဖြစ်ပေါ်စေရေးအတွက် ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များပူးပေါင်း၍ ပြည်ပဈေးကွက်ကို ပိုမိုရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွား ပိုမိုဖွံ့ဖြိုးရေးကို ရှေးရှူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရေးကိစ္စရပ်များ၊ စက်သုံးဆီ/စားသုံးဆီ ဖြန့်ဖြူးမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်