စက်တင်ဘာ ၂၃ ရက်က တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဒေသများတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ စက်တင်ဘာ ၂၂ ရက်က တိုက်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် စူပါတိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသက်လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” သည် စက်တင်ဘာ ၂၃ ရက်က တိုင်းထွာချက်များအရ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေသည်။ ယင်းနောက်ရာဂါဆာသည် အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်ပြီး ထိုမှတစ်ဆင့် စက်တင်ဘာ ၂၅ ရက်(ယနေ့)တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများသို့ အပူပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” သည် နောက်ရက်များတွင် ဗီယက်နမ်နိုင်ငံမှတစ်ဆင့် ဖြတ်ကျော်ပြီးနောက် အင်အားလျော့နည်းသွားကာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသို့ အကြွင်းအကျန်သက်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေအားကောင်းနေပြီး လေဖိအားနည်းရပ်ဝန်းအရှိန်တို့ကြောင့်လည်းကောင်း၊ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ၏ အကြွင်းအကျန်သက်ရောက်မှုများကြောင့်လည်းကောင်း ပြီးခဲ့သည့်ရက်များမှစ၍ နောက်ရက်များထိတိုင်မိုးသက်လေပြင်းများ၊ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ရှိနေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်က တောင်တရုတ်ပင်လယ်ပြင်၌ တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် နေပြည်တော်အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပွားခဲ့ရာ နေအိမ်အဆောက်အအုံများနှင့် ပြည်သူအချို့ အသက်ဆုံးရှုံးခဲ့ရသည်ကို ကြုံခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သင်ခန်းစာများရှိပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးမတိုင်မီကာလ၊ သဘာဝဘေးကာလ၊ သဘာဝဘေးလွန်ကာလများအတွက် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှုကို နိုးကြားတက်ကြွစွာ စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်။
ယခုအင်အားအလွန်ပြင်းထန်သော စူပါတိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” တိုက်ရိုက်တိုက်ခတ်ခံရသည့် ဖိလစ်ပိုင်နိုင်ငံ၏ဖြစ်စဉ်နှင့် ယမန်နှစ်က တောင်တရုတ်ပင်လယ်ပြင်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အကြွင်းအကျန်များ ထိခိုက်ခံစားခဲ့ရသော မြန်မာနိုင်ငံ၏ဖြစ်စဉ်ကို နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံက လူအသေအပျောက်ပိုများနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဖြစ်စဉ်ကိုသုံးသပ် ကြည့်လျှင် နိုင်ငံတော်အစိုးရက သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ အရေးပေါ်အခြေအနေတွင် အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့သော်လည်း ပြည်သူများ၏ နေထိုင်မှုသဘောသဘာဝအရ ထိခိုက်ခံစားရမှုများခဲ့သည်ဟု သုံးသပ်ရမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” မတိုက်ခတ်မီ ပြည်သူများအား ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ရန် အသိပေးနှိုးဆော်ခဲ့ပြီး ပြည်သူများကလည်း လိုက်နာဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် “ရာဂါဆာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူပေါင်းသုံးဦးသာရှိသည်။ စတာအန်နာမြို့ကမ်းလွန်တွင် တံငါသည် ၁၃ ဦးတင်ဆောင်လာသော ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ခြောက်ဦး ပျောက်ဆုံးကြောင်း၊ အခြားခြောက်ဦးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်ကဖြစ်ပွားခဲ့သော မိုးသက်မုန်တိုင်းအကြွင်းအကျန်ကြောင့် လူ့အသက်များ သေဆုံးရသောဖြစ်စဉ်များနှင့် ဖိလစ်ပိုင်နိုင်ငံမှ ဖြစ်စဉ်များကို သင်ခန်းစာယူပြီး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်သတိပြုရှောင်ရှား ဆောင်ရွက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်များထက် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှု၊ တောင်ကျရေကျဆင်းမှု၊ တောင်ပြိုမှု၊ မြေပြိုမှုဖြစ်စဉ်များ အများဆုံးကြုံတွေ့ခဲ့ရသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခုဖြစ်ပေါ်လာနိုင်သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြစ်ချောင်းပတ်ဝန်းကျင်တွင် နေထိုင်ကြသောပြည်သူများ၊ အနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသောပြည်သူများ၊ ဆည်မြောင်းတာတမံနှင့် တောင်တန်းများအနီးတွင် နေထိုင်ကြသောပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုနှင့် တောင်ကျရေကျမှု၊ မြေပြိုမှုအန္တရာယ်များကို ကြိုတင်သတိပြုရှောင်ရှားနေထိုင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။