Skip to main content

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ အင်းလေးဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီ

ညောင်ရွှေ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံ ပင့်ဆောင်ပွဲမင်္ဂလာအခမ်းအနားပထမပိုင်းကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံး စံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပသည်။

ဦးစွာ မိုင်းသောက်ပထမ စာသင်တိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာ ဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ အမှူးပြုသော ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံဂါထာတော်နှင့် ရွှေဉာဏ်တော်ဖွင့်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်များအား အနေကဇာတင်တော်မူကြသည်။

ယင်းနောက် ဧည့်သည်တော်များက ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပြီးနောက် နံနက် ၆ နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ညောင်ရွှေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပါမည့် အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကလည်းကောင်း၊ ဒုတိယအဆူကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံကလည်းကောင်း၊ တတိယအဆူကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းကလည်းကောင်း၊ စတုတ္ထအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ကလည်းကောင်း အသီးသီးအစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ကြသည်။

အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူတို့အား နံနက် ၇ နာရီတွင် အင်းသားရိုးရာ ဆွဲလှေ ၄၆ စင်းဖြင့် ရေလမ်းခရီးပင့်ဆောင်ပူဇော်ကြပြီး ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်ကာ စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ