Skip to main content

အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အကျဉ်းထောင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရသူ များသည်လည်း မိမိတို့နိုင်ငံသားများဖြစ်၍ အခြား ပြည်သူများနည်းတူ ကျန်းမာရေးစောင့်ရှောက် မှုများ ရရှိရန်မှာ ဆေးပညာကျင့်ဝတ်များအရ အရေးကြီး ပါကြောင်း၊ မြန်မာနိုင်ငံ၏ အကျဉ်းထောင် အချို့နှင့် အချုပ်ခန်းအချို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှုကို ယခုရက်ပိုင်း၌ သတင်းများရရှိပြီး ချက်ချင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ကာ Rapid Antigen Diagnostic Test Kit များဖြင့် ရောဂါစစ်ဆေးခြင်းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို စတင်လုပ်ဆောင်လျက် ရှိပါကြောင်း၊ အကျဉ်းထောင်များသည် အလုံပိတ် ပတ်ဝန်းကျင်ဖြစ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်စွာနေထိုင်ရခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် လိုအပ်ချက်ရှိနေနိုင်ခြင်း၊ အာဟာရ ပြည့်ဝမှု လိုအပ်ချက်များ ရှိနိုင်ခြင်း၊ ကိုယ်ခံအား ကျနေနိုင်ခြင်းတို့ ကြောင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက် မြန်သော ရောဂါတစ်စုံတစ်ဦးတွင် ဖြစ်ပွားပါက အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားမည်ဖြစ်သဖြင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီးဌာန နှင့် ပေါင်းစပ်၍ အထူး အလေးထားကာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ သည် ပြင်ပမှထောင်ဝင်စာလာတွေ့သူများနှင့် ဝန်ထမ်းများမှ တစ်ဆင့် အကျဉ်း ကျခံနေရသူ များထံသို့လည်းကောင်း၊ ထိုသို့ ရောဂါကူးစက်ဖြစ်ပွားသူ အကျဉ်းသားမှတစ်ဆင့် အခြားသော အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံသို့လည်းကောင်း အပြန် အလှန် အဆင့်ဆင့် ကူးစက်နိုင်သဖြင့် အကျဉ်းဦးစီးဌာနနှင့် ရောဂါဆိုင်ရာသတင်းများ အချိန်နှင့် တစ်ပြေးညီမျှဝေကာ ချိန်သားကိုက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် အကျဉ်းထောင်များ၏ သဘောသဘာဝအရ လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်သည်ဖြစ်သဖြင့် လုပ်ငန်း များကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အကျဉ်း ဦးစီးဌာန မှူးများ၊ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ်၊ အကျဉ်းထောင်မှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများသည် အချိန်နှင့် တစ်ပြေးညီစနစ်တကျ သတင်း မျှဝေခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် တို့ကို လုပ်ဆောင်ရမည့်အပြင် ဆုံးဖြတ်ချက်များ ကိုလည်း ချက်ချင်းချမှတ်ကာ အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်၌ စတင် တွေ့ရှိ သော ကိုဗစ်-၁၉ ကို အချိန်နှင့် တစ်ပြေးညီထိန်းချုပ်ကာ အကျဉ်းထောင်များ၌ ကပ်ရောဂါ အသွင် ပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ပြတ်ပြတ် သားသား တိတိကျကျ စနစ်ကျစွာ အရှိန်မြှင့်၍ အမြန်ဆုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ယခုပြုလုပ်သော အစည်းအဝေးအပြီးတွင်လည်း အစည်းအဝေးမှ ထွက်ပေါ်လာမည့် လုပ်ဆောင်ရန် အချက်များကို တိုင်းဒေသကြီး/ ပြည်နယ်တိုင်းဒေသကြီး/ ပြည်နယ် အကျဉ်းဦးစီး ဌာနမှူး၊ နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က မိမိတို့ တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အသေးစိတ် ဆက်လက်ဆွေးနွေးပြီး အကောင်အထည်ဖော်ကြရမည်ဖြစ်ပါ ကြောင်း။

အကျဉ်းထောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေလေ့လာဆန်းစစ်ခြင်းကိုလည်း (၂၀၂၀) ခုနှစ်၊ ဇွန်လက ပြီးစီးပြီဖြစ်ပါ၍ အကျဉ်းသားများ၏ ကျန်းမာရေးကဏ္ဍအတွက် အကျဉ်း ထောင်များ၌ ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရွက်သည့်အချက်များကို ယခုထက်အရှိန် အဟုန်မြှင့်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာ ရေးအသိပညာပေးနှိုးဆော်မှုများပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးအသိပေးကြေညာချက်များ ကြိုတင်အသံသွင်းထည့်ထားသော လက်ကိုင် အသံချဲ့စက်များကို ပံ့ပိုးပေးမည်ပါကြောင်း၊ အထူး သဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသဘဲ ရောဂါပိုးရှိနေနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ အလွန်လျင် မြန်စွာကူးစက်ပြန့်ပွာနေသည်ဆိုသည့် အချက်တို့ကို အသိပေးပြောကြား စေလိုပါကြောင်း၊ အကျဉ်း ထောင်များ၌ ကိုဗစ်-၁၉ ဖြစ်ပွားသူတစ်ဦးတွေ့ရှိပါက အခြားများစွာသော အကျဉ်းသားများ၌လည်း ကူးစက်ပြီးဖြစ်နေနိုင်သည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်များသည် စည်ကမ်း၊ စည်းမျဉ်းများဖြင့် အမြဲလုပ်ဆောင်နေခြင်းဖြစ်သဖြင့် အကျဉ်းသားများအား ရောဂါကာကွယ်ရေးစည်းကမ်းများ ချမှတ် ပေးရာ၌ လွယ်ကူပြီးလိုက်နာဆောင်ရွက်မှု အားကောင်းမည်ဟု ထင်မြင်ပါကြောင်း။

ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းများ အနေဖြင့်လည်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) အပြင် မျက်နှာအကာ (face shield) ကိုပါတပ်ဆင်စေလိုပါကြောင်း၊ ယခုအစည်းအဝေးသို့ တက် ရောက်လာကြသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လက်ရှိအခြေအနေအရပ် ရပ်နှင့်အညီ ပွင့်လင်းပြတ်သားစွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် များ၊ စိုက်ပျိုးရေးစခန်းများနှင့် ကုန်ထုတ်ရေးစခန်းများ အရေအတွက်၊ အကျဉ်းထောင် ကျန်းမာရေး လုပ်ငန်းများအား စီမံချက်များချမှတ်ဆောင်ရွက်နေမှု၊ ယခင်က ကိုဗစ်-၁၉ ကာကွယ် ရေးစည်းကမ်း များဖြင့် ထောင်ဝင်စာပေးတွေ့ခဲ့သော်လည်း စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ ထောင်ဝင်စာ တွေ့မှုအား ခေတ္တပိတ်ထားမှု၊ အကျဉ်းထောင်များတွင် ရောဂါကာကွယ်ရေး စည်းကမ်းများချမှတ် ဆောင်ရွက်နေမှု၊ ရောဂါကာကွယ်ရေး အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများ ဝယ်ယူထားမှု၊ အကျဉ်းသားအသစ်များ၊ အချုပ်သားအသစ်များ ရောက်ရှိလာပါက အကျဉ်းသား ဟောင်းများ၊ အချုပ်သားဟောင်းနှင့် ရောနှောမထားသေးဘဲ သီးခြားအဆောက်အဦတွင် (၁၄) ရက်ထားရှိပြီး  သီးခြား အဆောင်နေရာတွင် နောက်ထပ် (၇) ရက်ကြာထားရှိမှု၊ အကျဉ်းသားအသစ် များနှင့် အကျဉ်း ကျခံမှုကာလပြည့်မြောက်ပြီး လွှတ်မြောက်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေး ပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကူညီပံ့ပိုးပေးရန် စသည်တို့ကိုလည်းကောင်း။

ဆက်လက်၍ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ် ဒေါက်တာသန့်ဇော်ဝင်းက အကျဉ်းထောင် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များကို အခြေခံ၍ ညွှန်ကြားချက်စာ (၈၃) ကြိမ် ထုတ်ပြန်ပြီး အလေးထား ဆောင်ရွက် နေမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးပေးရန် ကိစ္စရပ်များကိုလည်း ကောင်း တင်ပြ သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း ရေး) ဒေါက်တာသန္တာလွင်က လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေများ၊ သာယာဝတီအကျဉ်းထောင်နှင့် အခြားအချုပ်ခန်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှုအတွက် ကွင်း ဆင်းအဖွဲ့ စေလွှတ်ဆောင်ရွက်ခဲ့မှုနှင့် အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။

ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က သာယာဝတီအကျဉ်း ထောင်တွင် ကိုဗစ်-၁၉ ဖြစ်ပွားတွေ့ရှိမှုအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် သာယာဝတီအကျဉ်း ထောင်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးကိစ္စရပ်များ အကြံပြုဆောင်ရွက်ခဲ့မှုတို့ကို တင်ပြခဲ့ပြီး၊ အကျဉ်း ထောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အကျဉ်းသားသစ်များအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရန်၊ အကျဉ်းသားသစ်များကို သီးခြားထားရှိရာတွင် ရောက်ရှိသည့် ရက်တူသူများ ကိုသာ အဖွဲ့လိုက်အတူတူထားရှိရန်နှင့် ရောက်ရှိရက်မတူသူများအား အတူတူ ထားရှိခြင်း မပြုလုပ် ရန်၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အကျဉ်းသားများအတွက် သီးခြားထားရှိ ကုသရန် အဆောင်နေရာထားရှိရန်၊ ပြင်းထန်သည့် ရောဂါလက္ခဏာရှိသူများအား စနစ်တကျ လွှဲပြောင်း ကုသမှု ပေးရေး စီစဉ်ဆောင်ရွက်ရန်၊ အကျဉ်းထောင်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း များ တင်းကြပ်စွာဆောင်ရွက်ရန်နှင့် နေ့စဉ်သတင်းပေးပို့ရန်နှင့် အကျဉ်းထောင်မှ လွှတ်မြောက်သူ များအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် တို့ကို အကြံပြုတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်လာကြသည့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး များက အသီးသီးတင်ပြကြသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးမည့်သူ အရေအတွက်အား အကျဉ်းဦးစီး ဌာနအနေမှ စာရင်းပြုစုပေးပို့ရန်နှင့် အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မိမိတို့ဝန်ကြီး ဌာနမှ ပံ့ပိုးပါဝင်ရမည့်ကိစ္စရပ်များအား ဆန်းစစ်မှု များ ပြုလုပ်ပေးပို့ရန် တို့ကို အကြံပြု ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အကျဉ်း ထောင်များကဲ့သို့ လူများစုဝေးနေထိုင်ရာနေရာများသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားရန် လွယ်ကူ သော နေရာများဖြစ်သဖြင့် လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုနှင့် အကြံပြုမှုတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ချမှတ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 (သတင်းစဉ်)