Skip to main content

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် မေ ၂၆

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ကွင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်(၄)ဇုန်ခွဲ၍ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက်လာရောက်ကြည့်ရှု အားပေးကြသည်။

ယှဉ်ပြိုင်ကစား

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်