Skip to main content

မြန်မာ-စင်ကာပူ စီးပွားရေးဝန်ကြီးများ ဗီဒီယိုကွန်ဖရင့် ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးတို့ သည် အာဆီယံစီးပွားရေး အသိုက်အဝန်းအကောင် အထည်ဖော်မှုနှင့် တိုးတက်မှုအခြေအနေ များ၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)ဆိုင်ရာသဘောတူစာချုပ် လက်မှတ် ရေးထိုးရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ အထူးသဖြင့် စင်ကာပူနိုင်ငံက လက်ရှိရင်းနှီးမြုပ်နှံ ဆောင်ရွက်လျက်ရှိသည့်  အရည်အသွေးမြင့် ဆန်စပါးထုတ်လုပ်မှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး၊  မွေးမြူရေးနှင့် ရေထွက် ပစ္စည်း ကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့သစ်သီး ဝလံများစင်ကာပူဈေးကွက်သို့ ချဲ့ထွင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးများ က ဆိုလာစွမ်းအင် ထုတ်လုပ်ရေး တွင် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များ ကို ဆွေးနွေးကြသည်၊

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနိုင်ငံခြား စီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ကြသည်။  

(သတင်းစဉ်)