မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော် စုစည်းနေထိုင်သောနိုင်ငံ ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် နှစ်ပေါင်းထောင်ချီ ရှည်ကြာသောကာလများအတွင်း မရှိအတူရှိအတူ၊ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ခဲ့ကြသည်။ နိုင်ငံတော်နှင့်အတူလက်တွဲပြီး ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို စုပေါင်းကာကွယ်တွန်းလှန်ခဲ့ကြပြီး ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်တွင် ကိုလိုနီနယ်ချဲ့စနစ်၏ ဆိုးမွေကြောင့် အချို့တိုင်းရင်းသားများအနေဖြင့် လူမျိုးရေး၊ ဒေသအရေး၊ ဝါဒအရေးတို့ကို အကြောင်းပြု၍ စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်ခဲ့သည်။ အချို့တိုင်းရင်းသားများမှာ စိတ်ဝမ်းကွဲပြားမှုမရှိဘဲ နိုင်ငံတော်နှင့်အတူလက်တွဲ၍ မိမိဒေသအကျိုး၊ မိမိလူမျိုးအကျိုးကို ယနေ့ထက်တိုင် မြှင့်တင်ဖော်ဆောင်လျက်ရှိသည်။ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် စိတ်ဝမ်းကွဲပြားမှုများ၊ ပဋိပက္ခဖြစ်ပေါ်နေသည့်အခြေအနေသည် တိုင်းရင်းသားလူမျိုးအားလုံးအနေဖြင့်မဟုတ်ဘဲ အချို့တိုင်းရင်းသားအဖွဲ့များကြောင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးအများစုအနေဖြင့် ၎င်းတို့၏ လူ့အဖွဲ့အစည်းအသီးသီးတွင် စည်းလုံးညီညွတ်စွာဖြင့် စုစုစည်းစည်းရပ်တည်ရှင်သန်လှုပ်ရှားနေကြသည်မှာ ရွှေရတု၊ စိန်ရတုကာလများသို့ပင်ရောက်ရှိနေပြီဖြစ်၍ ၎င်းတို့၏ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို အထင်အရှားမြင်တွေ့နေရသဖြင့် ဝမ်းမြောက်ဂုဏ်ယူမိသည်။ စံနမူနာအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများ တွင်အခြေချနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ရာစုနှစ်များစွာကာလများကတည်းက ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အေးအတူပူအမျှစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြသည်။
၎င်းတို့၏မူရင်းကိုးကွယ်ရာဘာသာအပြင် ဒေသခံအခြားတိုင်းရင်းသားများ ဘာသာ၊ စာပေ၊ လူမျိုး၊ ဓလေ့စရိုက်အမျိုးမျိုးတို့နှင့်အတူ ဘာသာတရားများ၏ အဆုံးအမအောက်တွင် အေးချမ်းစွာနေထိုင်လျက်ရှိသည်။ မိမိတို့၏ယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေထိုင်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်ရာမြင်တွေ့ရသည်။ ရာသီအချိန်အခါအလိုက် လူမျိုးစုတို့၏ ထုံးတမ်းစဉ်လာပွဲတော်များတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး အတူတကွပါဝင်လက်တွဲပြီး ဆင်နွှဲပျော်ရွှင်နေကြသည့်ပုံရိပ်များကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။
အဆိုပါတိုင်းရင်းသားလူမျိုးစုများအနေဖြင့် ခေတ်အဆက်ဆက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများအနေဖြင့် မိမိတို့ဒေသ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက်မှုမြင့်မားနေသည်ကို တွေ့ရသည်။ ပညာရေးတိုးတက်လာမှုရလဒ်အဖြစ် ယခုအခါ နိုင်ငံတော်၏ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုနယ်ပယ်အသီးသီးတို့တွင် တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သည်ကို ဂုဏ်ယူဖွယ်တွေ့ရသည်။
အဆိုပါလူမျိုးစုတို့အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ လာအိုစသည့် နိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်ဒေသများတွင် နေထိုင်ကြသဖြင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုတို့ကိုတည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ခြင်းမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်ကိုတွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏တာဝန်များကို စတင်ထမ်းဆောင်သည့်အချိန်မှစ၍ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကိုရှေးရှုကာ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ကာ နိုင်ငံတစ်ဝန်းအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။
သို့သော် နိုင်ငံတော်အတွင်းရှိ အချို့ဒေသများတွင် စည်းလုံးညီညွတ်မှုပျက်ပြားပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အချို့တိုင်းရင်းသားလူမျိုးများအနေဖြင့် နိုင်ငံတော်အစိုးရလျှောက်လှမ်းနေသည့် လမ်းကြောင်းအတိုင်း လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ကြသောကြောင့် ၎င်းတို့၏လူမှုစီးပွားဘဝများ တိုးတက်လာသည်ကိုတွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးများအနေဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် မှတ်ကျောက်တင်ခံနိုင်သော သမိုင်းမှတ်တမ်းကောင်းများကို ရေးထိုးခဲ့ကြပြီးဖြစ်သလို ဆက်လက်၍လည်း ရေးထိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြဦးမည်ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ကာ မိမိဒေသနှင့်မိမိလူမျိုးအကျိုးကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါကြောင်း။ ။