Skip to main content

ကမ္ဘာ့အဆင့်ပြိုင်ပွဲ Mobile Legend အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ Women Invitational 2025 (MWI 2025) ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယရရှိခဲ့သော မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ပြန်လည်ရောက်ရှိ

ရန်ကုန် ဇူလိုင် ၂၁

ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ့်မြို့၌ ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့အဆင့် တတိယရရှိခဲ့သော မြန်မာ Esports အားကစားအဖွဲ့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထက်လင်း၊ အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းသား သင်တန်းသူများနှင့် မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်လေဆိပ်၌ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုကို အင်ဒိုနီးရှားနိုင်ငံမှ Team Vitality အသင်း၊ ဒုတိယဆုကို အမေရိကန်နိုင်ငံမှ Gaimin Gladiators အသင်း၊ တတိယဆုကို မြန်မာနိုင်ငံမှ Terror Queens အသင်းတို့က ရရှိခဲ့ကြသည်။

ယနေ့ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသမီး Esports အဖွဲ့သည် ကမ္ဘာ့အဆင့်ပြိုင်ပွဲ MLBB Women Invitational 2025 (MWI 2025) တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ အသင်းအုပ်ချုပ်သူတစ်ဦး၊ အထွေထွေမန်နေဂျာတစ်ဦး၊ အသင်းမန်နေဂျာ တစ်ဦး၊ နည်းပြတစ်ဦး၊ ကစားသမားငါးဦး၊ အရန်ကစားသမားတစ်ဦး စုစုပေါင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာအသင်းအနေဖြင့် Mobile Legends ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်အသင်းဖြစ်သော တတိယဆုရရှိခဲ့သည့် Terror Queens အသင်းသည် Montoon Mobile Legends မှ (ဇွန် ၁၀ ရက်မှ ၁၅ ရက်အထိ) ကျင်းပခဲ့သော “MWI 2025 Myanmar Qualifier ပြိုင်ပွဲ Mobile Legends ကစားနည်းတွင် Champion အဖြစ် အနိုင်ရရှိခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် (ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်အထိ) ကျင်းပမည့် Esports World Cup MLBB Women Invitational 2025 (MWI 2025) သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်