Skip to main content

ထူးမြတ်သည့်ကထိန်လျာသင်္ကန်း အမွန်မြတ်ဆုံးဆက်ကပ်လှူဒါန်း

ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူရန် ကြံစည်တော်မူခဲ့သည်။ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကိုခေါ်တော်မူ၍ “ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှကျွတ်တော် မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရား ခွင့်ပြုတော်မူ၏” ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ကထိန်ခင်းရန် ရက်အပိုင်းအခြားကား သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတည်းသာဖြစ်၍ ကုသိုလ်ထူးကိုလက်မလွတ်စေရန် ဆက်ကပ်လှူဒါန်းရမည့်အချိန်အခါ ဖြစ်သည်။

ကထိန်ခင်းခြင်း ခွင့်ပြုတော်မူခဲ့သည့်အကြောင်းကား အခါတစ်ပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော ဘုရားရှင်အားဖူးမြော်ရန် ခြေကျင်ခရီးဖြင့် ကြွတော်မူကြသည်။ သာဝတ္ထိမြို့သို့ သွားရောက်သောအခါ ဝါဆိုလပြည့်နေ့နှင့် နီးကပ်လာသောကြောင့် ဆက်လက်သွားရောက်ရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလတ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူကြသည်။ ဝါတွင်းသုံးလကာလပတ်လုံး သီတင်းသုံးကြရသည်။ ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံးပြီး သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့တွင် ပဝါရဏာပြုပြီး မြတ်စွာဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိမြို့သို့ ခရီးဆက်ခဲ့ကြသည်။

ထိုအချိန်ကာလသည် မိုးရာသီကာလဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလျက်ရှိသည်။ ရဟန်းတော်များသည် ဓူတင်ဆောင်ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီတွင်လွယ်လျက် ပင်ပန်းခက်ခဲစွာ မြတ်စွာဘုရားထံ ခရီးဆက်ခဲ့ကြသည်။ မြတ်စွာဘုရားထံသို့ရောက်သောအခါ သင့်တင့်လျောက်ပတ်သောနေရာတွင် ထိုင်လျက်ရိုသေစွာရှိခိုးကြသည်။ မြတ်စွာဘုရားက ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်းသုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာရှိကြရဲ့လား” ဟု မေးတော်မူသည်။

ဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း” လျှောက်ထားလေသည်။ ထို့နောက် ရဟန်းတို့သည် မြတ်စွာဘုရားထံလာရာလမ်း၌ ဖြစ်ပျက်ခဲ့ပုံများကို လျှောက်ထားကြသည်။ မြတ်စွာဘုရားရှင်က ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်ကို ဟောကြားတော်မူသည်။ တရားဆုံးသောအခါ ရဟန်းတို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တို့ကို ရတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ကြွတော်မူကြသည်။ ရဟန်းတော်များပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤသို့ပင်ပန်းမည်မဟုတ်ဟု ဆင်ခြင်တော်မူပြီး ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ရာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ကထိန်ခင်းခြင်းကောင်းမှုကို အစဉ်အလာပြုကြသည်။

ကထိန်ခင်းခြင်းကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း ကျင်းပရသည်။ ကထိန်ခင်းခြင်း ဝိနည်းကံကို ကထိန်ခင်းသူနှင့်တကွ ငါးပါးရှိမှ ဆောင်ရွက်နိုင်သည်။ ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြုသော ရဟန်းရှိရာကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်သင်္ကန်းကို ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟုခေါ်ဝေါ်ကြသည်။ ဘုရားရှင်ခွင့်ပြုတော်မူခဲ့သော သင်္ကန်းသုံးမျိုးမှာ နှစ်ထပ်သင်္ကန်းခေါ် ဒုကုဋ်၊ ကိုယ်ဝတ်ခေါ် ဧကသီ၊ ခါးဝတ်ခေါ် သင်းပိုင်တို့ဖြစ်သည်။ ကထိန်သင်္ကန်းဖြစ်ပေါ်လာအောင် အမိအဖကိုပင် မည်သည့်ဥပါယ်နှင့်မျှ မတောင်းအပ်၊ အလှူမခံရ။ သဒ္ဓါအလျောက်ဖြစ်ပေါ်လာမှခင်းရသည်။ သင်္ကန်းကိုလှူသော အခါ၌လည်း ပုဂ္ဂိုလ်ကို မရည်ညွှန်းရ။ “ဣမံ ကထိန စီဝရံ သံဃဿ ဒေမ”ဟုဆို၍ သင်္ကန်းတစ်ထည်ဖြစ်စေ၊ အများဖြစ်စေ သံဃာကိုရည်ညွှန်းလှူဒါန်းမှသာ ကထိန် အရာမြောက်သည်။

ယခုအခါ မြန်မာပြည်တစ်ဝန်း၌ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ကောင်းမှုအစုစုတို့ကို ဗုဒ္ဓဘာသာဝင် လူထုလူတန်းစားအလွှာအသီးသီးတို့ ပြုလုပ်နေကြရာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံပြီး ကောင်းမှုအထူးတို့ကိုရရှိစေမည်ဖြစ်သည်။ ကထိန်ခင်းခြင်းဟူသည် အထက်တွင် ပြဆိုခဲ့သည့်အတိုင်း ရဟန်းတော်တို့ကို အလေးအမြတ်ပြု၍ အကျိုးပေးမြဲမြံခိုင်ခံ့သောအလုပ်၊ အကျိုးငါးချက်ကို တစ်ပြိုင်နက်တည်း ပေါင်းရုံးသိမ်းကျုံး၍ ရရှိစေနိုင်သောအလုပ်၊ ဘုရားအစရှိသော သူတော်ကောင်းပညာရှိတို့ ချီးမွမ်းအပ်သောအလုပ်ဖြစ်၍ အကျိုးကြီးမားထူးမြတ်သည့် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြင့် ကောင်းမှုအထူးထူးတို့ကို ရယူနိုင်ကြမည်ဖြစ်ပါကြောင်း။ ။