Skip to main content

သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ဆောင်ရွက်ကြရမည်

နေပြည်တော် စက်တင်ဘာ ၆

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းလုပ်ငန်းစီမံကိန်းတစ်ခုလုံးအောင်မြင်စေရန် အသေးစိတ်စီမံချက်ရေးဆွဲပြီး လုပ်ငန်းစဉ်တစ်ဆင့်ချင်းအလိုက် လုပ်ငန်းအချိန်ဇယား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၁) ရက်ကစပြီး (၃၆) လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်း။

ပြည်သူလူထုအသိပညာပေးလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေ

ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်မည်ဆိုပါက GIS နည်းပညာနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် Application ရေးသားခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်း၊ Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ပေးပို့ခြင်းစသည့် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြေပြင်တွင် သန်းခေါင်စာရင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ကြီးကြပ်ရမည့် သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းဆိုင်ရာ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၄ ခုနှစ် စက်တာဘာလ ၁ ရက်နေ့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူများသို့မိန့်ခွန်းပြောကြားခဲ့ပါကြောင်း၊ အဆိုပါမိန့်ခွန်းမှ အရေးကြီးသည့် အချက်တစ်ချက်ကို ဖော်ပြရမည်ဆိုပါက “နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူများ၏မျှော်လင့်ချက်၊ လိုအပ်ချက်များကို ပုံဖော်ပေးနိုင်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်” တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရကြောင်း။

ယခုအခါ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် သန်းခေါင်စာရင်းသင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်စသည်ဖြင့် အချိန်ဇယားအတိုင်း အဆင့်ဆင့်ဖွင့်လှစ်နေကြပြီး သင်တန်းပြီးဆုံးပါက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ရက်တွင် နိုင်ငံတစ်ဝန်း မြေပြင်ကွင်းဆင်းစတင်ကောက်ယူသွားမည်ကို အသိပေးလိုကြောင်း။

သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း စဉ်အဆင့်ဆင့်ကို သတ်မှတ်အချိန်ဇယားနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုအပေါ် နိုင်ငံတော်အစိုးရကိုယ်စား မိမိအနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း။

အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမည်ဟု အပြည့်အဝယုံကြည်

သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမည်ဟု အပြည့်အဝယုံကြည်ကြောင်း၊ တိကျမှန်ကန်ပြီး အရည်အသွေးပြည့်ဝသည့် သန်းခေါင်စာရင်းအချက်အလက်များရရှိစေရန် သန်းခေါင်စာရင်းကောက်ယူမည့် ကာလအတွင်းတွင် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကွပ်ကဲမှု၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှု၊ စာရင်းစစ်၊ စာရင်းကောက်များ၏ ကြိုးစားအားထုတ်မှုများအပေါ်တွင် ရာနှုန်းပြည့်မူတည်နေပြီး ပြည်သူများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။

သန်းခေါင်စာရင်းကောက်ယူရာနှင့် သင်တန်းများဖွင့်လှစ်ရာတွင် အသုံးပြုရမည့် အသုံးအဆောင် ပစ္စည်းများကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အသုံးအဆောင်ပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များလက်ဝယ်သို့ အချိန်မီရောက်ရှိအောင် ထုတ်ပေးနိုင်ရေး၊ လေလွင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာသူများ လက်ဝယ်မရောက်ရှိစေရေး စသည်များကိုလည်း အထူးဂရုစိုက်ရန်လိုကြောင်း။

သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်း တစ်ပြိုင်တည်း ကောက်ယူနေစဉ်တွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေသည့် စာရင်းစစ်၊ စာရင်းကောက်များ၏ နည်းပညာပိုင်းနှင့် ဘာသာရပ်ပိုင်းဆိုင်ရာ အခက်အခဲများကို ချက်ချင်းကူညီဖြေရှင်းပေးနိုင်ရေး ပြင်ဆင်ထားရန်လိုကြောင်း၊ အထူးသဖြင့် CAPI နည်းပညာနှင့် Mobile Tablet များကို အသုံးပြုဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အင်တာနက်နှင့် နည်းပညာအခက်အခဲကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ပြင်ဆင်ထားကြရန်မှာကြားလိုကြောင်း။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် အချိန်ကာလအားဖြင့် ၂၄ ရက်သာ ကျန်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရမည့် ကာလကို (၁၅) ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေး အခြေအနေများအရ ရက်တိုးမြှင့် ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများက တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အတတ်နိုင်ဆုံးရသည့်နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့်နေရာများတွင် လုံခြုံရေးများထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန် ရသမျှကောက်ယူရန်” ဟုလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ရန်နှင့် ရှေ့ပြေးစာရင်းထုတ်ပြန်မည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ ရနိုင်သမျှအပြီး ကောက်ယူရန်မှာကြားလိုကြောင်း။

ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု မဖြစ်မနေလိုအပ်

သန်းခေါင်စာရင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကလည်း မဖြစ်မနေလိုအပ်ခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ မြေပြင်တွင်အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းကြီးကို စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လွှမ်းခြုံနိုင်ရန်၊ တစ်ယောက်မကျန် စာရင်းကောက်ယူနိုင်ရန်၊ မေးမြန်းသမျှအပေါ်တွင်လည်း မှန်ကန်စွာဖြေကြားကြရန်နှင့် လိုအပ်သည့် ကိန်းဂဏန်းအချက်အလက်များရရှိစေရန် ပါဝင်ဆောင်ရွက်ကြမည့် တာဝန်ရှိသူများ၊ ပြည်သူများအနေဖြင့် ကြုံတွေ့ရမည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကိုယူထားသည့် ကာလအတွင်းတွင် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်စိတ်နှင့် အခက်အခဲတိုင်းကို မဖြစ်မနေဖြတ်သန်း ကျော်လွှားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြိုတင်မျှော်တွေးနိုင်မှု၊ ဝိုင်းဝန်း ပေါင်းစပ်ညှိနှိုင်း အဖြေရှာမှုများနှင့်ပင် ပြဿနာကိုကျော်လွှားသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိကျမှန်ကန်သည့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း။

ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုများ ပိုမိုအရေးကြီး

ပြီးခဲ့သည့်ကာလများအထိ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်အများစုသည် သန်းခေါင်စာရင်းလုပ်ငန်းကြီးကို တာဝန်ခံဆောင်ရွက်ရမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ သို့သော် ရှေ့ဆက်ပြီးဆောင်ရွက်ရမည့် လုပ်ငန်းအများစုသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများ၊ ဌာနဆိုင်ရာများနှင့်သာမက လူမှုအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုအတွင်း ကွင်းဆင်းထိတွေ့ဆောင်ရွက်ရမည့် မြေပြင်လုပ်ငန်းများက ပိုမိုများပြားလာခြင်းကြောင့် အားလုံးပါဝင်ကူညီညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုများသည် ပိုမိုအရေးကြီးသည်ကို ပြောကြားလိုကြောင်း။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် ရက်ပိုင်းသာလိုပြီး လုပ်ငန်းကြီးသည် ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအားများ လိုအပ်သကဲ့သို့ စေတနာအား၊ စိတ်ဓာတ်ခွန်အားများလည်းလိုအပ်ကြောင်း၊ ယခု ဆောင်ရွက်မည့်လုပ်ငန်းသည် နိုင်ငံတကာ အကူအညီမပါဘဲ မိမိတို့၏ကိုယ်ပိုင်အင်အားနှင့် စွမ်းဆောင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မှတ်ကျောက်တင်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း လက်တွဲဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အထောက်အကူပြုပစ္စည်းများ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေထားရှိမှု၊ ပင်မသန်းခေါင်စာရင်းမကောက်ယူမီ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခဲ့မှု၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်အပ်ထားရှိမှု၊ နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့မှု၊ သန်းခေါင်စာရင်းအကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆောင်ရွက်နေမှုနှင့် သန်းခေါင်စာရင်းကောက်ယူသွားမည့် နယ်မြေအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) နှင့် အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်