နေပြည်တော် ဒီဇင်ဘာ ၂၇
မန္တလေး၊ အိုးဘိုထောင်တွင် နိုင်ငံရေးအမှုနှင့် ထောင်ကျနေသည့်အမျိုးသမီးများကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်တွင် ထမီရင်ရှားနှင့် ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်မှုကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံခန့် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဟု လူမှုကွန်ကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် အကျဉ်းသား/သူ၊ အချုပ်သား/သူများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်း၊ မိုက်ရိုင်းစွာပြောဆိုဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများမရှိဘဲ အကျဉ်းထောင် အက်ဥပဒေ၊ လက်စွဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီသာ စည်းကမ်းစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း” သိရှိရပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်များတွင် နေ့စဉ်သမားစဉ် လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းအပေါ် ပြည်သူအချို့မှ အကျဉ်းဦးစီးဌာနနှင့် အကျဉ်းထောင်ဝန်ထမ်းများအား အထင်အမြင်လွဲမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထိုးနှက်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။