Skip to main content

ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကို ဟန့်တားကာကွယ်

“တစ်နိုင်ငံလုံးမှာ ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် ကျွန်မတို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ဒီဟာကို ဟန့်တားနိုင်ပါတယ်။ ကာကွယ်နိုင်ပါ တယ်။ ကျွန်မတို့ရဲ့ နိုင်ငံတစ်ဝန်းလုံးကို ကာကွယ်နိုင်ပါတယ်။ ရခိုင်ပြည် နယ်ကိုလည်း ကျွန်မတို့ကာကွယ်မယ်။ ကျန်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံအတွင်းရှိ ဒေသတွေအားလုံးကိုလည်း ကာကွယ်မယ်။ ပူးပေါင်းဆောင်ရွက်မှုကသာ အဓိကဖြစ်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြဂုတ်လ ၂၄ ရက်နေ့တွင် ပြည်သူ သို့ အစီရင်ခံတင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲ အတည်ပြုလူနာများ ဆက်တိုက်ပေါ် ထွက်လာသည်။ အတည်ပြုလူနာများ တိုးလာခြင်းသည် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ခြင်း မဟုတ်ပေ။ ဖြစ်လာလျှင် လည်း အားလုံးပူးပေါင်းဆောင်ရွက်နိုင်မှုအားဖြင့် ဟန့်တား ကာကွယ်နိုင်ကြောင်း နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားထားသည်။ လက်တွေ့တွင်လည်း အသိတရားဖြင့် နိုးကြားထက် သန်စွာ ဝိုင်းဝန်း ကာကွယ်ဟန့်တား နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၂၅ ရက်နှင့် ၂၆ရက် နံနက်ပိုင်း၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော်တွေ့ရှိခဲ့သည်။ ကိုဗစ် -၁၉ ထုတ်ပြန်ခဲ့ သမျှတွင်ဤနှစ်ရက်သည် စံချိန်တင် အမြင့်ဆုံး ပိုးတွေ့လူနာများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၅၈၀ ရှိလာပြီဖြစ် သည်။ သြဂုတ်လ ၁၅ ရက်နေ့က ဓာတ်ခွဲအတည်ပြုလူ၁ ၃၇၄ ဦးရှိရာမှ သြဂုတ်လ ၂၆ ရက် တွင် ၅၈၀ အထိရှိလာသဖြင့် ၁၀ ရက်တာကာလအတွင်း စိုးရိမ်ဖွယ်ရာ ဖြစ်လာ ခဲ့သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၅ ရက်နေ့က ပိုးတွေ့လူနာ ၁၆ ဦးသာ ရှိသော်လည်း သြဂုတ်လ ၂၆ ရက် နံနက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ နေထိုင်သူများနှင့် စစ်တွေမြို့နယ်သို့ လာရောက်သူများ၊ ပြန်လည် ထွက်ခွာ သွားသူများမှ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော်ရှိ လာခဲ့သည်။ ၁၀ ရက်ကျော်ကာလအတွင်း လူနာ ၁၀၀ ကျော်ဖြစ်လာမှုတွင် ပြည်ပခရီးသွား ရာဇဝင်မရှိပေ။ ဒေသတွင်းခရီးသွားမှုရှိပြီး ကိုဗစ်လူနာနှင့် ထိတွေ့သူ ရှိသလို မထိတွေ့ သူလည်းရှိရာ ပြည်တွင်း၌ ရောဂါပျံ့နှံ့မှုဖြစ်လာသည်။ ထို့ကြောင့် စစ်တွေ၌ အသွားအလာ ကန့်သတ်မှု ပြုလုပ်ခဲ့ရသည်။ ။

လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီ ထိန်းချုပ်နိုင်ရန်နှင့် ရခိုင် ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထပ်မံကူးစက်ပျံ့နှံ့မှုမရှိ စေရန် ပြည်သူများ အနေဖြင့် သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်နှင့်ရခိုင်ပြည် နယ်အတွင်းရှိ ရောဂါ ကူးစက် ဖြစ်ပွားနေသော မြို့နယ်များသို့ ဝင်၊ ထွက် သွားလာမှုများရှိခဲ့ပါက ယခုလက်ရှိရောက်ရှိရာ ဒေသမှ နီးစပ်ရာကျန်းမာရေး ဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှု ခံယူကြပါရန် အသိပေးတိုက်တွန်းပါသည်။

ဤသို့ဆောင်ရွက်ခြင်းဖြင့် အသိတရားဖြင့် နိုင်ငံတော်နှင့် ပြည်သူ အားလုံးအတွက် ပူးပေါင်းဆောင်ရွက်ရာ ရောက်ပေမည်။ တာဝန်သိသော နိုင်ငံသားတစ်ယောက်ဟု ခေါ်ဆိုရ ပေမည်။ ယင်းသို့ပူးပေါင်းဆောင်ရွက် ခြင်းသည် ရခိုင်ပြည်နယ်အတွက်သာမက တစ်နိုင်ငံလုံး ရောဂါကင်းဝေးရေး အတွက် ကာကွယ်ပေးနိုင်သည်။ မိမိတွင် ရောဂါကူးစက်မှုရှိပါက အချိန်မီ ကုသမှုကို ခံယူနိုင်မည်ဖြစ်သည်။ မိမိမှတစ်ဆင့် မိမိ၏မိသားစုနှင့် နီးစပ်ရာ အသိုင်းအဝိုင်း များသို့ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းမဖြစ်လာသေးပါ။ မဖြစ် အောင်လည်း ပူးပေါင်း ဆောင်ရွက် ခြင်းအားဖြင့် ဟန့်တားနိုင်ပါသည်။ ကာကွယ်နိုင်ပါသည်။ အရေးကြီးသည်မှာ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အဓိကဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် ရောဂါလက္ခဏာ သံသယ ဖြစ်ဖွယ်တွေ့ရှိပါက သတင်းပေးခြင်းသည် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ချောက်တွန်းခြင်းမဟုတ်ပေ။ ရောဂါကူးစက်ခြင်းမခံရသော ပြည်သူ ပြည်သားများကလည်း နှာခေါင်းစည်းဝတ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကင်းဝေးရေး ကာကွယ်ဟန့်တား နိုင်ရေးအတွက် အသိတရားဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အဓိက ဖြစ်သည်။ ပြည်သူသည်သာ အဓိကဖြစ်သည်။ နိုင်ငံတော်နှင့်အတူ အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။