Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ် Mr. Ivan Ponyakov က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော်  ဇွန်  ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို) ပရိဝုဏ်အတွင်း လှည့်လည်၍ သာသနိကအဆောက်အဦ သဒ္ဓမ္မဇောတိကဓဇသိမ်တော် တည်ဆောက်သွားမည့်အခြေအနေများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆွေးနွေးလျှောက်ထားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh နှင့် မော်စကိုမြို့ရှိ Metropol ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှု မှန်ကန်ကောင်းမွန်စေရန် တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများနှင့် နှစ်နိုင်ငံနယ်စပ် ဒေသများတွင် အကြမ်းဖက်သမားများ အခြေချနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံကိန်းအောင်မြင်စေရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးဆိုင်ရာများတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ COVID-19 ရောဂါ ဖြစ်ပွားမှုအား အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သည့်အချိန်တွင် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုလျက်ရှိသည့် မော်စကိုမြို့၊ CROWNE PLAZA ဟိုတယ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RT သတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားခဲ့သည်။

ညစာစားပွဲတက်ရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ညပိုင်းတွင် Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ် Mr. Ivan Ponyakov က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Inter-state Corporation Developments ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များအား မော်စကိုမြစ်အတွင်း၌ အပျော်စီး မြစ်တွင်းသွားအမြန်ရေယာဉ်ပေါ်ရှိ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ စစ်ဘက်နည်းပညာ တိုးတက်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆက်သွယ်ရေးစနစ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Inter-state Corporation Developments ညွှန်ကြားရေးမှူးချုပ်က အပျော်စီးမြစ်တွင်းသွားအမြန်ရေယာဉ်ပေါ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံပြီး မော်စကို မြစ်ကြောင်းတစ်လျှောက် လှည့်လည်၍ မြို့ပြလူနေမှု စနစ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ မြစ်ကမ်းဘေးတစ်လျှောက် အလှအပများနှင့် အများပြည်သူများ၏ အပန်းဖြေနေမှုများကို ကြည့်ရှုလေ့လာကြသည်။

မီးရှူးမီးပန်းများ ဂုဏ်ပြုလွှတ်တင်

ယင်းနောက် ဒေသစံတော်ချိန် ည ၁၁ နာရီတိတိတွင် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား အောင်မြင်သည့်အနေဖြင့် Luzhniki ဘောလုံးကွင်းအတွင်းမှ မီးရှူးမီးပန်းများကို ဂုဏ်ပြုလွှတ်တင်ပစ်ဖောက်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမြန်ရေယာဉ်ပေါ်မှ ကြည့်ရှုခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သတင်းစဉ်