Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သော (၃၈) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ ယာယီသံရုံးတာဝန်ခံ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော (၃၈) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသည့်စိတ်၊ အိမ်နီးချင်းကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တရားမဝင် ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။