Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြင်ဦးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ပေပင်အုပ်စု၊ ညောင်ပေါ ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ စိုးမိုးအိုင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ညောင်နီကျေးရွာ၊ စိန်ဒေါင်းလေး ကော်ဖီခြံနှင့် ရထားလုံး သဘာဝကော်ဖီ ထုတ်လုပ်မှုလုပ်ငန်းသို့လည်းကောင်း၊ ပင်တီးကျေးရွာ ဂါလံ (၂၄၀၀) ဆံ့၊ ရေစင်နှင့် (၁၀’x၈’ x၈’) ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းသို့ လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထား၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ သမဝါယမအသင်းစု၏ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်ကို ကြည့်ရှုစစ်ဆေးပြီး အိုအေစစ် ဧည့်ရိပ်မွန်တွင် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမ အသင်းစုမှ တာဝန်ရှိသူများ၊ သမဝါယမအသင်းသားများနှင့် တွေ့ဆုံပြီး သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင်မြင် စေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား သမဝါယမစနစ်ဖြင့် အထောက်အကူပြုနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက် ရေရရှိရေးလုပ်ငန်း (၁၇၈)ခု၊ ကျေးလက်ကုန်ထုတ်လမ်း (၂၆) လမ်း (၃၃မိုင် ၅ ဖာလုံ)၊ ကျေးလက်ကုန်ထုတ်တံတား (၄၈) စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP (၃၀၆) ရွာ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း VRFP (၂၂၄) ရွာနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း (၄၇) ယူနစ် (၅၀) ရွာများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများအနေဖြင့် (၅၁) ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)