Skip to main content

မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းအချောထည် အဓိကဈေးကွက်ဖြစ်ရန် ဖော်ဆောင်နိုင်ရေးလိုအပ်

နေပြည်တော်  ဩဂုတ် ၂၄

မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းအချောထည် ထုတ်လုပ်ခြင်း၏ အဓိကဈေးကွက်ဖြစ်ရန် ဖော်ဆောင်နိုင်ရေး လိုအပ်ပါကြောင်း၊ အခြေခံအဆောက်အဦများ အသင့်ရှိပြီးဖြစ်၍ ရှေ့တစ်လှမ်း တိုးပြီး ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒနှင့်လုပ်ငန်းစဉ်များ မှန်ကန်စွာဖော်ထုတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက ရုံးအမှတ် (၁၉) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျောက်စိမ်း အချောထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျောက်စိမ်းများကို အရိုင်းအတိုင်း ပြည်ပသို့ တင်ပို့ခဲ့သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ပင်လုံရတနာဈေး တည်ဆောက်ခဲ့သော်လည်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ နေပြည်တော်တွင် ရွှေကြာပင်ကျောက်မျက် ရတနာဈေးကို ၂၀၁၂ ခုနှစ်ကပင် မြေဧရိယာ ၂၂၅ ဧက၊ အကွက်ပေါင်း ၁၂၂ ကွက်တွင် အချောထည်များ ထုတ်လုပ်ရောင်းချနိုင်မည့် အဆောက်အဦများနှင့် စက်ရုံအလုပ်ရုံများကို ဆောက်လုပ် ဆောင်ရွက်စေခဲ့ကြောင်း၊ အဆောက်အဦအများစုမှာ ပြီးစီးခဲ့ပြီး ယခုအခါ လက်တွေ့ အချောထည် လုပ်ငန်းဆောင်ရွက်နိုင်သူ အနည်းငယ်သာရှိသည်ကို တွေ့ရှိရကြောင်း၊ အချောထည် လုပ်ငန်း ဖွံဖြိုးတိုးတက်ရန်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်သင်ကြားပေးမည့် ကျောက်မျက်ရတနာ သင်တန်းကျောင်းကိုလည်း တည်ဆောက်ပြီး သင်တန်းများစတင် ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ Gem Trading Center ကို တည်ဆောက်ထားပြီးလည်း ဖြစ်ပါကြောင်း၊ အချောထည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် အခြေခံအဆောက်အဦများ အဆင်သင့် အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကျောက်စိမ်းထွက်သည့်နိုင်ငံ အနည်းငယ်သာရှိပြီး မြန်မာနိုင်ငံမှထွက်သည့် ကျောက်စိမ်းသည် အရည်အသွေးနှင့်အရောင်တွင် အကောင်းဆုံးဖြစ်ပါကြောင်း၊ ကျောက်စိမ်း ဖြစ်စေသည့် ဘူမိအသွင်ပြောင်း ကျောက်ဖြစ်စဉ်ကို မြန်မာနိုင်ငံတွင် ဧရိယာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ် တွေ့ရှိခြင်းမှာ ထူးခြားချက်တစ်ခု ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံကျောက်မျက် ရတနာအသင်းမှ တာဝန်ရှိသူများ လက်တွေ့လုပ်ငန်းဆောင်ရွက်နေသူများ၊ ကျွမ်းကျင်သူများ ပါဝင်သဖြင့် မိမိတို့တစ်ဦး တစ်ယောက် တစ်ဖွဲ့၏ အကျိုးအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ကျောက်စိမ်း အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ ကုန်ချော ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းနှင့် ပြည်တွင်းရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ကျောက်မျက်အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က လိုအပ်သည်များကို ဖြည့်စွက် အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)