နေပြည်တော် ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တို့၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ငွေကျပ် ၂၀ ဒသမ ၂၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းကျော်နှင့် ဘိန်းဖြူ ၂၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နီလာရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်းအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရစောင့်ဆိုင်းစဉ် ဇူလိုင်လ ၇ ရက်နေ့ ည ၆ နာရီ မိနစ် ၃၀ ခန့်တွင် ကျော်မင်းထွန်းမောင်းနှင်ပြီး ကျော်ထက်အောင် လိုက်ပါလာသော HYUNDAI STAREX မော်တော်ယာဉ်နှင့် ဟန်ဌေးမောင်းနှင်သည့် HYUNDAI STAREX မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၂၅ သန်းနှင့် ဘိန်းဖြူ ၂၂ ကီလိုဖမ်းဆီးရမိခဲ့ပြီး ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူဟိန်းမင်းလတ်အား ဇူလိုင်လ ၈ ရက်နေ့နံနက် ၈ နာရီခန့်တွင် ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ တည်းခိုခန်း၌ FORD RANGER မော်တော်ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖော်ထုတ်ချက်များအရ မန္တလေးမှကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ဗန်ကျဲအိုမန်းနှင့် ရွန်လှေကျုံးတို့အား ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၁ အိုင်လမ်းရှိနေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် ဆီဘောက်ဆာယာဉ် ၂ စီး၊ TOYOTA HILUX SURF မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂၅ သန်း (ခန်မှန်းတန်ဖိုးငွေကျပ် ၁၉ ဒသမ ၁၂၅ ဘီလီယံ)နှင့် ဘိန်းဖြူ ၂၂ ကီလို(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံ) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။