Skip to main content

ဦးတည်ချက်များကို အလေးထား၍ တိုင်းရင်းသားပြည်သူအကျိုး ဖော်ဆောင်

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ သာဓက အားဖြင့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေစာရင်းအရ ရှမ်းပြည်နယ်တွင် တိုင်းရင်းသား ခြောက်သန်းနီးပါး၊ ကချင်ပြည်နယ်တွင် တစ်သန်းခွဲကျော် နေထိုင်ကြရာတွင် တိုင်းရင်းသားမျိုးနွယ်စုကွဲများနှင့်အတူ ချစ်ချစ်ခင်ခင် အတူတကွ လက်တွဲနေထိုင်ကြသည်။ အလားတူပင် ကျေးလက် ဒေသများတွင်လည်း တိုင်းရင်းသားပြည်သူပေါင်းစုံ စုပေါင်း နေထိုင်ကြသည်။ မြို့ကြီးပြကြီးများနှင့် အလှမ်းဝေးသောဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရိုးသားဖြူစင်စွာဖြင့်၊ အေးချမ်းစွာဖြင့်နေထိုင် လျက်ရှိကြသည်။ ထိုသို့ အေးချမ်းစွာနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူ လူနည်းစုများ၏ လူမှုဘဝဖွံ့ ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးမှုများနှင့်အတူ တိုင်းရင်းသားပြည်သူများက အတူလက်တွဲပူးပေါင်း ဆောင်ရွက်ကြပါမှ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည် ဖြစ်သည်။ သို့သော် နှစ်ပေါင်းရှည်ကြာဖြစ်ပွားခဲ့သော ပြည်တွင်းမငြိမ်းချမ်းမှု၊ ကိုဗစ်-၁၉ ကပ်ဘေး ရောဂါကဲ့သို့သော သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှု၊ မမျှော်လင့်ဘဲဖြစ်ပေါ် လာသော တိုင်းပြည်မတည်ငြိမ်မှုများကြောင့် တိုင်းရင်းသား ပြည်သူများ တည်ငြိမ် အေးချမ်းစွာနေထိုင်ရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေး တို့မှာ အလှမ်းဝေးစေခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်၍ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှနည်းလမ်းဖြင့် အမြန်ဆုံးကုစားရေး၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင် သွားရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်တွင် ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည့်ဦးတည်ချက်များကို ချမှတ်ပြီး တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်၏ ဦးတည်ချက်ပါအချက်များအနက် စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့်တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ကို တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လတ်တလောတွင် နယ်စပ်ဒေသများ၌ နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများတွင် နိုင်ငံသားစိစစ်ရေးကတ်များ မရရှိသေးသဖြင့် အမြန်ရရှိအောင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံကျသော အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာရေးအတွက် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းကာ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အစဉ်အဆက်ဆောင်ရွက်ပေးလျက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး တို့ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်ဖြစ်ထွန်းလာအောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိကာလတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စနစ်တကျကိုင်တွယ် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းတွင် တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို ရပ်တန့်မထားဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်အောင် အလျင်အမြန်စီမံဆောင်ရွက်နေသည်။ တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်။ မိမိတို့တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက် ပေးနိုင်မည်ကို သိရှိနားလည်ပြီး နိုင်ငံတော်အစိုးရနှင့်အတူ အတူလက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်က ချမှတ်ထားသော ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ပေါ်လာအောင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ သည် တိုင်းရင်းသားပြည်သူများနှင့်အတူ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။ ။