နေပြည်တော် မတ် ၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် မူလလုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် သွားရန်လိုအပ်သလို ဆောင်ရွက်ဆဲနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ အထက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလိုသည့်ကိစ္စရပ်များ၊ ပံ့ပိုး ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို တင်ပြပေးစေလိုပါကြောင်း၊ မိမိတို့တာဝန်ယူနေ သည့် ကာလ အတွင်း ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှသာ အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်သော တိုင်းပြည်တစ်ခုတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကိုဗစ်-၁၉ ရောဂါ အသိပညာပေး အချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များကို တိုင်းရင်းသားဘာသာ များသို့ ပြန်ဆိုခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး လိုအပ်သည်များကို အကြံပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အထွေထွေဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ခန့်ထား မှုနှင့်ပတ်သက်၍ ဒေသခံများအား ဦးစားပေးခန့် ထားရေးနှင့် လစာတိုးမြှင့် ခံစားခွင့်ပြုရေး၊ မှတ်ပုံတင်လျှောက်ထားရာတွင် မျိုးနွယ်စု အမှန်ဖြစ်စေ ရေး၊ တိုင်းရင်း သားများ၏ နေ့ထူး နေ့မြတ်များ ဖော်ထုတ်ကျင်းပနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ကြီးဌာနတွင် သုတေသန ဌာနခွဲသီးသန့် ထားရှိနိုင်ရေး နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စေတနာထား၍ ဆောင်ရွက်ခြင်းကို “မူ” တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက် ရေးတို့ကို မှာကြားသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025