Skip to main content

နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူ အား ဖမ်းဆီးအရေးယူ

နေပြည်တော် မတ် ၈ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူ အား ပုဗ္ဗသီရိ မြို့နယ် ပတ္တာနယ်မြေရဲစခန်း၌ (ပ)၃၀/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရဝန်ထမ်းများအား CDM တွင် ပါဝင် လာစေရေး အဓိကကြိုးကိုင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သော နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးမင်းသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂ နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်(၂)ရှိ ရွှေဂုံတိုင်ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဦးမင်းသူ၏ ဝန်ခံထွက်ဆိုချက်များအရ နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့ဝန်ထမ်းများကို တာဝန်ဝတ္တရားပျက်ကွက်စေရန် သွေးထိုးလှုံ့ဆော်နိုင်ရေးအတွက် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ မင်းကိုနိုင်၊ ကျော်မင်းယု(ခ) ဂျင်မီ တို့နှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း။ ဖေဖော်ဝါရီ ၁၄ ရက်တွင် NLD ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်ဖြစ်သော ဦးအောင်ကြည်ညွှန့်မှ “CDM လှုပ်ရှားမှုတွင် ပါဝင်သည့်ဝန်ထမ်းများ အား လှုံ့ဆော်စည်းရုံး နိုင်ရန် CDM Supporting Team များ ဖွဲ့စည်းကာ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ NLD ပါတီဝင်များမှ ဝိုင်းဝန်းကူညီကြရန်” ညွှန်ကြားချက်စာ တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးမင်းသူသည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ခရိုင်အလုပ်မှုဆောင်အဖွဲ့ဝင် ၁၀ ဦးခန့် ဖြင့် ပါတီခရိုင်ရုံးတွင် အစည်းအဝေးကျင်းပ ခဲ့ပြီး အစည်းအဝေး၌ CDM Supporting Team အား ဖွဲ့စည်းခဲ့ကြောင်း။ အဆိုပါ CDM Supporting Team တွင် ဦးမောင်မောင်ဆွေ(မန္တလေးတိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၉၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးကျော်ထွေး (ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးဝင်းနိုင်ဦး (ပျဉ်းမနားမြို့နယ် NLD ပါတီ၊ အတွင်းရေးမှူး)၊ ဦးကျော်မြင့်ဦး(မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၁၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးသန်းစိုးအောင် (ပျဉ်းမနားမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် ဦးဇော်မင်းဦး (စိုက်ပျိုးရေးဦးစီးဌာန၊ အငယ်တန်း အင်ဂျင်နီယာ)တို့ပါဝင်ခဲ့ပြီး ၎င်းအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်ရန်နှင့် နေပြည်တော်ရှိ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို ကူညီထောက်ပံ့ပေးရန် ဦးနေလင်း(Relax ဗီနိုင်း)၊ ဦးမြတင့်(NLD ပါတီ၊ ခရိုင်နာယက)၊ ဦးဇော်မင်းကျော်(ရန်ကုန်မြို့၊ ခေတ်ပြတိုက်စာပေတိုက် ပိုင်ရှင်)၊ ဦးလှမျိုး(မြန်မာနိုင်ငံ ဆရာများသမဂ္ဂ)နှင့် ဦးသန့်ဇင်ထွန်း(ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း)တို့ပါဝင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြည်တွင်း/ ပြည်ပမှ ထောက်ပံ့ငွေများ ရရှိထားကြောင်း ဝန်ခံထွက်ဆိုထားသည်။ ထို့ပြင် ဦးမင်းသူသည် နေပြည်တော်ခရိုင်ပါတီရုံးတွင် ရုံးထိုင်၍ ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးဝင်းနိုင်ဦး(ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှူး)၊ ဦးမျိုးကိုဇင်မြင့်(NLD ပါတီ၊ နေပြည်တော် လူငယ်လုပ်ငန်းကော်မတီ အဖွဲ့ဝင်)၊ ဦးကျော်မင်းလှိုင် (ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ ဦးလှိုင်မင်းဦး(NLD ပါတီ၊ ဇမ္ဗူသီရိမြို့နယ် တွဲဖက်အတွင်းရေးမှူး)နှင့် အောင်အောင် (NLD ပါတီ၊ ပုဗ္ဗသီရိမြို့နယ်ဥက္ကဋ္ဌ)တို့နှင့်ချိတ်ဆက်၍ ဆန္ဒပြအဖွဲ့များလှုပ်ရှားသွားလာ နိုင်ရန် လမ်းကြောင်းထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အပြင် ဆန္ဒပြအဖွဲ့များနှင့်သွားရောက် ပူးပေါင်း၍ ဆူပူဆန္ဒပြစေရန်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ဦးမင်းသူ၏ ထွက်ဆိုချက်များအရ ဆက်စပ်တရားခံများကို ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ မတ် ၁ ရက်တွင် ဦးကျော်မင်းလှိုင် အားလည်းကောင်း၊ မတ် ၂ ရက်တွင် ဦးသန့်ဇင်ထွန်းအားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိသည့်ဆက်စပ် တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း၊ မတ် ၇ ရက်တွင် ဖမ်းဆီးရမိ တရားခံများဖြစ်သည့် ဦးမင်းသူ ကို ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ (ပ)၃၀/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ဦးကျော်မင်းလှိုင်အား ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း၌ (ပ)၂၃/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ဦးသန့်ဇင်ထွန်းအား လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲစခန်း၌ (ပ)၂၄/၂၀၂၁ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်လှစ်၍ ထိန်းသိမ်းထားရှိကြောင်း သိရသည်။ (သတင်းစဉ်)