Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားပြတိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော် မတ် ၈ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(နေပြည်တော်) အတွင်း ခင်းကျင်းပြသထားမှု များကို ကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ အမျိုးသားပြတိုက်(နေပြည်တော်)၊ Mini Theatre ၌ အမျိုးသားပြတိုက် (နေပြည်တော်)၏ သမိုင်းကြောင်းနှင့် ပြခန်းများခင်းကျင်းပြသထားရှိမှုကို ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်(နေပြည်တော်)ရှိ လက်ဆောင် ပစ္စည်း များပြခန်း၊ ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီ ခေတ်(ကျောက်ခေတ်၊ ကြေးခတ်၊ သံခေတ်)ပြခန်း၊ သမိုင်းတင်ခေတ်ဦး( ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစု )ပြခန်း၊ သမိုင်း တင်ခေတ်( အေဒီ ၁၁ ရာစုမှ အေဒီ ၁၄ ရာစု )ပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်းနှင့် အာဆီယံပြခန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က လိုက်လံရှင်းလင်း ပြသသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်(နေပြည်တော်)မှ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် သမိုင်းမတင်မီနှင့် သမိုင်းတင်ပြီးခေတ်များက ပျောက်ကွယ်နေသော သဲလွန်စများကို ရှာဖွေဖော်ထုတ် ထိန်းသိမ်း ရသော အလုပ်ဖြစ်ကြောင်း၊ ရှာဖွေဖော်ထုတ်ရရှိသော တွေ့ရှိ ချက်များကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ပေါင်းစပ် လိုက်ပါက နိုင်ငံတော်အတွက် အဖိုးတန်သည့် သမိုင်းအချက်အလက်များ ရရှိလာမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ရှေးဟောင်း သုတေ သန နှင့် ယဉ်ကျေးမှုဖော်ထုတ် ထိန်းသိမ်းရေးကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် သင့်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်မှ လူမှုရေး ဦးတည်ချက်ပိုဒ်ခွဲ(က)နှင့်(ခ)တို့ကို မိမိတို့၏လုပ်ငန်း လမ်းညွှန်အဖြစ် ခံယူသင့်ကြောင်း မှာကြားသည်။ (သတင်းစဉ်)