Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၏ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာအစည်းအ‌ဝေးကျင်းပ

နေပြည်တော် မတ် ၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၏ အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ယင်းဝန်ကြီးဋ္ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်‌‌ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သက်ဆိုင်ရာဦးစီးဋ္ဌာနများက အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို အသီးသီးတင်ပြကြရာ လူမှုဝန်ထမ်းဉီးစီးဋ္ဌာနက တင်ပြရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနအနေဖြင့် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASEAN Socio-Cultural Community Council-ASCC)အောက်ရှိ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက်အဖွဲ့အစည်းများတွင် Focal Point အဖြစ် ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ရေးရာဝန်ကြီးများ အဆင့်အစည်းအဝေး (13th AMMY) နှင့် (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ရေးရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(12th SOMY)တို့အား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် ကိစ္စများအား တင်ပြသည်။ ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာနက တင်ပြရာတွင် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အာဆီယံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးများအား အလှည့်ကျဥက္ကဋ္ဌနိုင်ငံက အိမ်ရှင် အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်လေ့ရှိကြောင်း၊ သဘာဝ ဘေး စီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်၏ လုပ်ငန်း အစီ အစဉ် (၂၀၂၁-၂၀၂၅)အား အကောင်အထည်ဖော်ရန် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရာ၌ မြန်မာနိုင်ငံသည် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် အခြားနိုင်ငံများနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက်လည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အာဆီယံထိပ်သီး အစည်းအဝေးများ၌ ဆွေးနွေး သဘောတူချက်များအရ မြန်မာနိုင်ငံအား ပံ့ပိုးဆောင်ရွက်နေကြောင်း၊ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာမှုအဖွဲ့ဝင်များက ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှု ထောက်ပံ့ ပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအားလည်း AHA Center နှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပြီးပြည့်စုံသည့် ဆန်းစစ်လေ့လာမှုဆောင်ရွက်နိုင်ရန်လည်း ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အာဆီယံနှင့်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် ပေါင်းစပ် ဆောင်ရွက်ရန်များအား လမ်းညွှန်မှုများ နှင့်အညီ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဋ္ဌာနက ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အာဆီယံဒေသတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး ဗဟိုဋ္ဌာန(ARMAC)သို့ စေတနာ အလျောက်နှစ်စဉ်ကြေးရန်ပုံငွေ ထည့်ဝင်မှုကိစ္စရပ်များ၊ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဦးစီးဋ္ဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နေမှုများ၊ မြန်မာနိုင်ငံတွင် National Mine Authority ထူထောင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန၊ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီအုပ်ချုပ်မှု ရုံးက ညွှန်ကြားထားရှိသည့်အတိုင်း အာဆီယံနှင့် ဆက်စပ်ဆောင်ရွက်ရ မည့်ကိစ္စများကိုအရှိန်အဟုန် မပျက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အချို့သောကိစ္စရပ်များတွင်မူ ကော်မတီများ ပြန်လည်ဖွဲ့စည်းရန်လိုအပ်ပါက ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းနိုင်ရန် အမြန်တင်ပြရန်လိုပါကြောင်း၊ အချို့သော ဆက်သွယ်ရန်ပုဂ္ဂိုလ်များ (Focal Points) သတ်မှတ်မှုများကိုမူ မူဝါဒ ပြန်လည်ခံယူမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသဆိုင်ရာ အဖွဲ့အစည်းများသို့ မြန်မာနိုင်ငံအနေဖြင့် ရန်ပုံငွေထည့်သွင်း ထားရှိမှုများရှိရာ မိမိတို့ဋ္ဌာနအလိုက် လိုအပ်သော စီမံကိန်းအဆိုပြုလွှာများ ပြုစုပေးပို့သွားရန်၊ သုတေသနလုပ်ငန်းများ ကိုလည်း ဦးစားပေးဆောင်ရွက်ရန်၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဋ္ဌာနမှ ပါဝင်ဆောင်ရွက်သင့်သည့် လုပ်ငန်းများဖော်ထုတ်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်