နေပြည်တော် မတ် ၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဒါရိုက်တာအဖွဲ့ အစည်း အဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန် ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို အရာထမ်း နှင့် အမှုထမ်းများ သိရှိလိုက် နာစေရန် ဌာနအသီးသီးသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပုံမှန်အခြေအနေ ရောက်ရှိစေရန် ဆောင်ရွက်နေဆဲကာလအတွင်း ဌာနများ အားလုံး၏ လုပ်ငန်းများရပ်တန့် သွားခြင်း မရှိစေရေး၊ မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန်ဖြစ် စေရန် ဝိုင်းဝန်းဆောင်ရွက်ရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများကို အောင်မြင်စွာဖြင့် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းများအတွင်း စေတနာအလေးထား၍ ဆောင်ရွက်ရေးတို့သည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် အတွင်း ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်နေစဉ်ကာလအတွင်း ဆက်စပ် ဆောင်ရွက်နေသော ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အဓိကရည်မှန်းချက်များဖြစ်သည့် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေး ကြေးရေး စနစ်တည်ငြိမ်ရေးနှင့် ထိရောက်၍စွမ်းဆောင်ရည် ပြည့်ဝသော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်များ ခိုင်မာဖြစ်ပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ၏ ငွေပေးချေမှုူ နည်းလမ်းများသည် တိုးတက်ပြောင်းလဲနေ ပြီဖြစ်ကြောင်း၊ လုံခြုံ၍ စွမ်းဆောင်ရည် ပြည့်ဝသော အမျိုးသား ငွေပေးချေမှုစနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ ငွေရေး ကြေးရေးကဏ္ဍနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့အတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ ငွေပေးချေ မှုစနစ် ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်စေရန် အမျိုးသားငွေပေး ချေမှုစနစ်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ငွေပေးစနစ်ဥပဒေ (မူကြမ်း)ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ် ကြောင်း၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် အဆင်ပြေချောမွေ့စေရန် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် ဘဏ်အချင်းချင်း ငွေပေးချေမှုစနစ် (CBM-NET) System Second Phase နှင့် အလိုအလျောက်စာရင်း ရှင်းလင်းမှုစနစ် (ACH) တို့ကို အကောင်အထည်ဖော်ခဲ့ပြီး ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေး ချေမှုများတိုးတက်ရေးအတွက် ဝန်ဆောင်မှုများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ငွေပေး ချေမှု စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ ငွေသား စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် ယာယီလိုက်နာဆောင်ရွက် ရန် ကိစ္စရပ်များကို ဘဏ်များသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက မိမိတို့၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)