Skip to main content

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၉ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် အကောင် အထည်ဖော်ရေးအတွက် အစိုးရဌာနများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် ကျင်းပသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် ဘာသာ ရပ်ဆိုင် ရာ အရာထမ်းများ၊သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်နှင့် အရာထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက RCEP သဘောတူ စာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် အဖွဲ့ဝင်နိုင်ငံ (၁၅)နိုင်ငံ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံခေါင်းဆောင် များ၏ ရှေ့မှောက်တွင် Virtual ပုံစံဖြင့် လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ RCEP သဘောတူစာချုပ်သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်မှု သဘောတူစာချုပ်များ တွင် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် ယခင်ကတည်းကက လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ် ၆ ခုတွင် ပါဝင်ခဲ့ပြီး ဖြစ်၍ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ၏ အကျိုးကျေးဇူး များကို ခံစားရရှိနေပြီး ဖြစ်ပါ ကြောင်း၊ RCEP စာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် မိမိ နိုင်ငံ၏ ပို့ကုန်များ မြှင့်တင်နိုင်ခြင်း၊ သွင်းကုန်အစားထိုး လုပ်ငန်းများကို ဖိတ်ခေါ် ရင်းနှီးမြှုပ်နှံ ၍ကုန်သွယ်မှု လိုငွေလျှော့ချနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ခြင်းဖြင့် နှစ်စဉ်အလုပ် အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်ခြင်း၊ ရင်းနှီး မြှုပ်နှံမှုမှ တစ်ဆင့်အဆင့်မြင့် နည်းပညာများရရှိခြင်း စသည့် အကျိုးခံစားခွင့်များကို ပိုမိုရရှိမည်ဖြစ်ကြောင်း။ RCEP သဘောတူစာချုပ် အကောင်အထည် ဖော်ရေးနှင့် စပ်လျဉ်း၍ အဓိကကျသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများသို့ အသိပေး ညှိနှိုင်း ဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များသို့ လည်း စာချုပ်ပါ အခန်းအလိုက် ပြဋ္ဌာန်း ချက်များအား ရှင်းလင်းပြောကြားသည့် ဆွေးနွေးပွဲ များကို ကျင်းပပြီးဖြစ်၍ ပုဂ္ဂလိကကဏ္ဍ၏ အကြံပြု ချက်များနှင့် လိုလားချက်များကို သိရှိပြီး စာချုပ်အကောင်အထည်ဖော်ရေး အစီ အစဉ်ရေး ဆွဲရာတွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် ညှိနှိုင်း ဆွေးနွေး ပွဲက RCEP ကို ပုဂ္ဂလိကကဏ္ဍမှ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရန် အတွက် လိုအပ်သည်များကို အကူအညီ အထောက်အပံ့ ဖြစ်စေရေးအတွက် အစိုးရ ဌာနများက ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဌာနအလိုက် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် လိုအပ်သည့် နည်းပညာအကူအညီများ၊ မူဝါဒ၊ ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့် လင်းလင်း ညှိနှိုင်းသွားရန် ဖြစ်ပါကြောင်း။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် လုပ်ငန်းများအပြင် လိုအပ်သည့် နည်းပညာအကူအညီများအတွက် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများထံမှ ရယူ နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ RCEP သဘောတူစာချုပ် အကောင်အထည် ဖော်ရေး အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် ရေးဆွဲနိုင်ရေးနှင့် အကောင်အထည်ဖော်မည့် ဦးဆောင် ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးတို့ကို အထက်အဖွဲ့အစည်း အဆင့် ဆင့်သို့ တင်ပြအတည်ပြုချက်ရယူ၍ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ RCEP သဘော တူ စာချုပ် အသက်ဝင်ရေးကို ထိုင်းနိုင်ငံက ဆောင်ရွက်ပြီးဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့်လည်း အဆိုပါ စာချုပ်အသက်ဝင်ရေးနှင့် အကောင်အထည် ဖော်ရေးကို အလျင် အမြန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာန များက စာချုပ် အသက်ဝင်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးပါရန် အလေး အနက် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေး အတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေး ကြပြီး ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပါ ကဏ္ဍအလိုက် အစိုးရဌာနများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၁ ခုနှစ် မတ်လ ပထမပတ် အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)