ရန်ကုန် ဩဂုတ် ၄
မြန်မာ - အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Comm- ission (IPC) တို့အကြား အစည်းအဝေး ကျင်းပခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Commission(IPC), Government of India တို့အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် Indian Pharmacopoeia Commission မှ Dr. V. Kalaiselvan, the Secretary-cum- scientific Director နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် Indian Pharmacopoeia အသိအမှတ်ပြုအသုံးပြုရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းစဉ်များ၊ ဆေးဝါးအရည်အသွေးနှင့် စံချိန်စံညွှန်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ဆေးဝါးစမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းများအကြား နည်းပညာဖလှယ်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဆေးဝါးအရည်အသွေး အာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပိုမိုအားကောင်းလာစေရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်၊ အရည်အသွေးအာနိသင်ပြည့်မီပြီး ဘေးကင်းလုံခြုံသော ဆေးဝါးများကို ပြည်သူများထံ ပိုမိုထိရောက်စွာ ရရှိသုံးစွဲနိုင်စေရန်နှင့် ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် အရေးပါသော အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
MT
